အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 23 August 2015

ကျန်းမာရေးအတွက် ဆောင်ရန်နှင့်  ရှောင်ရန် အချက်များ


" ကျန်းမာရေးအတွက် ဆောင်ရန်နဲ့ရှောင်ရန်အချက်များ..."
===================
===================
၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့် အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်းထိခိုက်နိုင်သည် ။
၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။
၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။
၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှု များခြင်းကြောင့် ဖြစ်သည် ။
၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။
၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။ အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။
၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။
၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။
၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။
၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။
၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ် ကို အားနည်းစေသည် ။
၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။
၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။
၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။ စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။
၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။ လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။
၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။
အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။
၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက် ကောင်းပါသည် ။
၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။
၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။
၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် စားအစာတရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။
၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့် အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။
၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။
၂၃။တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။
၂၄။မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း၊ (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။
၂၅။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။
၂၆။မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။ အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။
၂၇။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။
၂၈။ သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
၂၉။ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊ (ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။
၃၀။မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။ အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။
၃၁။အ၀ါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏ ။ သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။
၃၂။မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
၃၃။နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
၃၄။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။
၃၅။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။
၃၆။မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။
၃၇။ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။
ဒေါက်တာတင့်ဆွေ
============
ဆေးပညာဆိုင်ရာဆောင်းပါးများ

Saturday 22 August 2015

ဘုရားဟောသော ပိန်နည်း


ဘုရားဟောသော ပိန်နည်း
**************************
မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။ ဒီတော့ မြတ်စွာဘုရားက ``မင်းကြီး..ထမင်းစားပြီး အပန်းလေး မဖြေခဲ့ဘူးလား´´လို့ မေးတော်မူပါတယ်။

ပသေနဒီကောသလမင်းကြီးကလည်း ``မှန်ပါဘုရား၊ အပန်းမဖြေခဲ့ပါဘူးဘုရား၊ တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလို ဒုက္ခကြုံရပါတယ်ဘုရား´´လို့ ပြန်လျှောက်တော့ မြတ်စွာဘုရားကလည်း ``ဟုတ်တယ် မင်းကြီး၊ အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခရောက်ကြရတယ်။ အစားကြူးတဲ့သူဟာ အနိစ္စ ဒုက္ခ အနတ္တတရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံး မသွင်းနိုင်ရင် အိုလို့မဆုံး၊ နာလို့မဆုံး၊ သေလို့မဆုံး ဖြစ်ရတယ်´´လို့ ဟောပြပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာ စားတဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေးတစ်ပုဒ် ဟောပြောပေးပါတယ်။
မနုဇဿ သဒါ သတိမတော၊
မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယုပါလယံ။
(သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါးကို ရပါတယ်။)
ဒါပေမဲ့ ပသေနဒီကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက် မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကို ရအောင် ကျက်ခဲ့ဖို့ မှာခဲ့ပါတယ်။
တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို 'ဘယ်လိုလုပ်ရမလဲ' လို့မေးပါတယ်။ မြတ်စွာဘုရားက ``မင်းကြီး ထမင်းသုံးဆောင်လို့ နောက်ဆုံး ထမင်းလုတ် စားခါနီးမှာ ဒီဂါထာကို ရွတ်ပေးပါ´´ လို့ မှာကြားပြီး 'မင်းကြီး ဂါထာကို ကြားလို့ နောက်ဆုံးထမင်းလုတ်ကို ဆက်မစားတော့ဘူးဆိုရင် တစ်လုတ်စာလျော့ချက်ပါ' လို့ မိန့်မှာလိုက်ပါတယ်။
တူဖြစ်သူလည်း မြတ်စွာဘုရားမှာတဲ့အတိုင်း မင်းကြီး ပွဲတော်တည်တဲ့အခါ အနားမှာထိုင်ပြီး နောက်ဆုံးအလုတ်စားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါတယ်။ ဒီတော့ မင်းကြီးကလည်း စားမယ်ဟန်ပြင်ထားတဲ့ နောက်ဆုံး ထမင်းလုတ် မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ် တစ်လုတ် လျှော့လာလိုက်တာ ခန္ဓာကိုယ် ဝဖိုင့်နေရာကနေ ပိန်ပိန်လာပါတော့တယ်။ ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ်ချမ်းသာသွားပါတယ်။ အားရဝမ်းသာနဲ့ မြတ်စွာဘုရားဆီသွားပြီး ``မြတ်စွာဘုရား တပည့်တော် ခန္ဓာကိုယ်ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊ တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင်ပါပြီဘုရား´´ လို့ လျှောက်ပြလိုက်ပါတယ်။
(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္တု)
မြတ်စွာဘုရားဟောပြတဲ့ ဂါထာလေးကို မြန်မာလို ပြန်ပြောရင်-
သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်း သိမယ်၊ ဒီအင်္ဂါနှစ်ချက်နဲ့ပြည့်စုံတဲ့သူဟာ..
၁။ ဝေဒနာကင်းခြင်းအကျိုး၊
၂။ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊
၃။ အသက်ရှည်ခြင်းအကျိုး သုံးမျိုးကို ရနိုင်ပါတယ်တဲ့။
ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကို မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်ကလေး စီပေးထားပါတယ်။
`တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာအကျိုးရသတည်း။
ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊မမယွင်းသက်ရှည်သည်။´
သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး စားဖို့လည်း လိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့နေရာမှာတင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်းသလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီးလည်း ဖြစ်နေတတ်ပါတယ်။
အတိုင်းအရှည်ကိုသိတာက သူများသိပေးတာထက် ကိုယ့်ဟာကိုယ် သိတာပဲ အကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲ အသိဆုံးမို့ပါ။ စားချင်တိုင်း စွတ်စားနေရင် ဝဝနေတော့မှာပါ။ အဓိကကတော့ သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့ အကျိုးတွေချည်းပါပဲ။
ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။ အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင် ပြုပြင်နေကြသေးတာပါ။ အသက် ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။
စာရေးသူကတော့ ပိန်နေလို့ ဝအောင်, ပေါင်တိုးအောင် ကြိုးစားနေရတာဆိုတော့ ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင် မခံစားရပါဘူး။ ဒါပေမဲ့ ကိုယ့်မျက်စိရှေ့မှာ ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆိုတစ်ယောက်ယောက်က တွဲပေးမှ ထိုင်နိုင်တာ တစ်ယောက်ယောက်က ထူပေးမှ ထနိုင်တာ ဝခြင်းရဲ့ဆိုးကျိုးတွေကို ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန်အောင်လုပ်ကြရတာကိုလည်း ကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို
ဆရာဝန်တွေ ကျွမ်းကျင်သူတွေလည်း ရေးပြနေကြတာပါပဲ။
ဒီတော့ စာရေးသူလည်း ကိုယ်စွမ်းနိုင်သလောက်လေး မြတ်စွာဘုရား ဟောပြောထားတဲ့ ပိန်နည်းလေးကို ဓမ္မဒါန မျှဝေတာပါ။
ပသေနဒီကောသလမင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင် တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့်လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရည်စစ်သွားပါတယ်။
ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုပ် တစ်လုပ် လျှော့စားသလို ချက်တဲ့အခါမှာလည်း တစ်လုတ်စာ တစ်လုတ်စာ လျှော့လျှော့ ချက်သွားတာပါ။ လျှော့စားရုံသက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။ လျှော့ချက်တော့ ကုန်ကျစရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့် ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ် ဘက်က ကြည့်ရင်တော့ ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့လည်းရပါတယ်။
မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တစ်ခါတည်း အများကြီး မလျှော့ခိုင်းပါဘူး။ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို လျှော့ရ ခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလမင်းကြီးစားလို့ တစ်လုတ်ပဲ ကျန်တော့ရင် သူ့ တူတော်မောင်က မြတ်စွာဘုရားဟောတဲ့ ဂါထာလေးကို ဆိုပေးလိုက်တာပါ။ ဒီတော့ ကိုယ်ကလည်း တစ်လုတ် အကျန် ကျရင် ကိုယ်တိုင်ဆိုနိုင်ရင်ဆို မဆိုနိုင်ရင် ပသေနဒီကောသလမင်းကြီးလို ကိုယ်တိုင် မကျက်ဘဲ ကိုယ့်ခင်ပွန်းကို ကျက်ခိုင်းပြီး သူ့ကို ဆိုခိုင်းပေါ့။ ဒါဆို ခင်ပွန်းမှာ ဂါထာဆိုရတဲ့ကုသိုလ် နေ့တိုင်းရနေပါတယ်။ ကိုယ့်ခင်ပွန်းကို ကုသိုလ်ပေးရာလည်း ရောက်ပါတယ်။
``ကိုကိုရေ..ကုသိုလ်ပေးတာပါနော်။ ဒီကုသိုလ်လေးကို အမြဲယူပါနော်´´လို့ ပြောထားလိုက်ရုံပါ။
ဂါထာမကျက်နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း ရပါတယ်။ ဒါပေမဲ့ ဂါထာက တစ်ပုဒ်တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ ဝနေတဲ့ဇနီး ထမင်းစားလို့ နောက်ဆုံးအလုတ် ရောက်တဲ့အခါ ခင်ပွန်းက ဂါထာနဲ့ လင်္ကာလေးကို ဆိုဆိုပေးဖို့ပါပဲ။ ဝနေတဲ့ဇနီး ပိန်မပိန်တော့ မသိပါဘူး။ ခင်ပွန်းမှာတော့ ဂါထာရွတ်ပေးတဲ့ကုသိုလ်၊ လင်္ကာရွတ်ပေးတဲ့ကုသိုလ် နေ့တိုင်းရနေတာတော့ အမှန်ပါပဲ။ ကိုယ့်ဇနီးကို တရားဟောပေးနေတယ်လို့လည်း ပြောလို့ရပါတယ်။
ဒါက ရွတ်ပေးမယ့်သူ ရှိတဲ့သူ အတွက်ပါ။ မရှိတဲ့သူကတော့ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုယ်ရွတ်ပြီး လျှော့သွားရုံပါပဲ။ ကိုယ်တိုင် ရွတ်ရင် ကိုယ်တိုင် ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်၊ ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကို ရပ်လိုက်ရုံပါ။
အစားအသောက်ကို သိပ်တပ်မက်လွန်းတာလည်း မကောင်းပါဘူး။ တစ်ခါတစ်လေ မစားဖူးလို့စားတာပဲ ကောင်းပါတယ်။ သက်တော်ရှည် ဆရာတော်ဘုရားကြီးတွေကို ကြည့်ရင် အစားအစာကို အတိုင်းအရှည် သိတာလည်း တစ်ခုပါပါတယ်။ တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းနေတဲ့ ဆရာတော်တွေလည်း အများကြီးရယ်ပါ။
ဒီနေရာမှာ အစားနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာ ဟောပြထားတဲ့ ဂါထာလေးကိုလည်း အာရုံပြုထားရ အောင်ပါ။ ..
စတ္တာရော ပဉ္စအာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခု နော။ ..
အဓိပ္ပါယ်ကတော့ တရားအားထုတ်နေတဲ့ယောဂီဟာ ထမင်းစားတဲ့အခါ လေးလုတ်ငါးလုတ်လျှော့ပြီး စားပါတဲ့။ လျှော့တဲ့အစား, ရေကိုသောက်လိုက်ပါတဲ့။ ဒါဆို တရားအားထုတ်ရတာ ခန္ဓာကိုယ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါတယ်တဲ့။
ဒီဂါထာလေးကိုလည်း သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လေး စီပေးထားပါတယ်။
စားနိုင်သည်မှ၊ ငါးလုတ်မျှ၊ လျှော့ချသုံးဆောင်ရာ။
လျှော့သည့်အစား၊ ရေကိုကား၊ သောက်ထားမျှတာစွာ။
ဣရိယာပထ၊ များသုခ၊ မုချရမည်သာ။
ဂါထာလေးက တရားအားထုတ်နေတဲ့ယောဂီတွေကို ဟောပြပေးထားတာပါ။ တရားအားထုတ်နေတဲ့အခါ အစားများရင် နေ့လယ်(၁၂)နာရီ တရားမှတ်တဲ့အခါကျတော့ အိပ်ငိုက်နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ လေးလုတ် ငါးလုတ်လျှော့စားပြီး ရေသောက်ဖို့ မိန့်မှာထားတာပါ။ ဒါပေမဲ့ မြတ်စွာဘုရားလက်ထက်တော်က လူတွေကတော့ ခန္ဓာကိုယ်သန်မာထွားကျိုင်းလို့ ပြဿနာမရှိပေမယ့် ဒီခေတ်မှာတော့ ယောဂီတစ်ယောက်အနေနဲ့ လေးလုတ် ငါးလုတ် လျှော့စားဖို့ မလွယ်လှပါဘူး။ အစားနည်းတဲ့ယောဂီဆို ပိုတောင်မလွယ်ပါသေးတယ်။ ဒါကြောင့် ကိုယ်နဲ့ သင့်တော်သလောက်ပဲလျှော့ပြီး လျှော့တဲ့အစား ရေသောက်လိုက်လို့လည်း ရပါတယ်။ အများကြီးလျှော့စားပြီး ညကျ ဗိုက်ဆာနေပြန်ရင်လည်း အဆင်မပြေပါဘူး။
တရားအားထုတ်တဲ့နေရာမှာတော့ ဗိုက်တင်းနေရင်လည်း အဆင်မပြေသလို ဗိုက်လျော့နေရင်လည်း အဆင်မပြေပါဘူး။ ယောဂီမှာတော့ အမှတ်သတိက ရှိပြီးသားဆိုတော့ အတိုင်းအရှည်က ကိုယ့်ဟာကိုယ် သိနေကြတာ များပါတယ်။ နောက်ဆုံးကျတော့ သတိပါပဲလေ။ သတိရှိနေရင် ဘယ်အရာမှ အလွန်အကျွံ မဖြစ်တော့ပါဘူး။
ဒီလိုပါပဲ သတိပါနေအောင် လေ့ကျင့်ယူရမှာပါပဲ။ နေရာတိုင်းမှာ သတိပါဖို့ကျတော့ မလွယ်လှပါဘူး။ အချိန်ပြည့် တရားအားထုတ်နေတဲ့ ယောဂီတောင် သတိက လွတ်သေးတာဆိုတော့ အပြင်မှာ နေရတဲ့သူတွေအဖို့တော့ သတိလွတ်နေတဲ့ အချိန်က များနေမှာပါ။ ဒါပေမဲ့ တတ်နိုင်သမျှလေးတော့ သတိပါနေအောင် ကြိုးစားရမှာပါ။
ရိပ်သာဝင်တဲ့အခါ အထွေထွေ အမှတ်ကို ဖိအားထုတ်ထားရင် အပြင်ပြန်ရောက်တဲ့အခါ အများကြီး အထောက်အပံ့ ပေးတာပါ။ အပြင်မှာ သတိနဲ့ နေတတ်သွားတဲ့ သဘောလေးပါ။ သတိရှိနေရင် အမှား နည်းနေတော့တာပါ။
တစ်ခါတစ်လေ တချို့ အမှားတွေဟာ သတိလွတ်သွားလို့ မှားကြတာပါ။ သတိပြန်ရတဲ့အချိန်မှာ အမှားက ကျူးလွန်ပြီးသား ဖြစ်နေပါပြီ။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကိုယ် ယူကျုံးမရ ဖြစ်ရတော့တာပါ။ ဒါကြောင့် သတိဟာ လူတိုင်းအတွက် သိပ်လိုအပ်ပါတယ်။
ယောဂီတွေက တရားဝင်တဲ့အခါ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကိုပဲ ဦးစားပေးမှတ်ကြတာ များပါတယ်။ အထွေထွေ အမှတ်ကိုတော့ လျှော့ထားကြပါတယ်။ တကယ်တော့ အထွေထွေ အမှတ်ဟာ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကို အများကြီး အထောက်အပံ့ပေးသလို အပြင်ပြန်ရောက်တဲ့အခါမှာလည်း သတိနဲ့ နေတတ်အောင် လေ့ကျင့် သင်ကြားပေးလိုက်တာပါ။ လက်တွေ့ဘဝထဲမှာ သတိနဲ့ နေတတ်ဖို့က သိပ်အရေးကြီးတာပါ။
ဘာပဲပြောပြော သတိရှိနေရင် အတိုင်းအရှည်ကို သိပြီး ဖြစ်နေမှာပါ။ ဒီတော့ သတိရှိနေရင် စားချင်တိုင်း မစားတော့ပါဘူးလေ။ မှားချင်တိုင်းလည်း မမှားတော့ပါဘူးလေ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)
ကျမ်းကိုး..ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။ ။
[ပေါ်ပြူလာဂျာနယ်]