အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday, 27 September 2012

စစ်တမ်းကောက်ကြည့်ခြင်း


ကျမခွဲစိပ်ပြီး အခြေနေကောင်းလို့ ခြောက်ရက်မြောက်နေ့ညမှာ ကုတင်နဲ့ မျက်စောင်းထိုးမှာ အသက်ငါးဆယ်ကျော် ထိုင်းအမျိုးသမီးကြီး တစ်ဦး နာကျင်လွန်း၍ မျက်ရည်များနှင့်ရောက်ရှိလာပါသည် သူမရဲ့သား နှင့် သားရဲ့သူငယ်ချင်းမိန်းခလေးတစ်ဦးပါလာတာကို တွေ့လိုက်ရတယ် ပြီးတော့ မိသားစုလိုက်၀၀တုတ်တုတ် အမျိုးသမီးနှင့် သူ့ခင်ပွန်း သူ့သား၊ သူမနဲ့သက်တူရွယ်တူ မိန်းမကြီးတဦး အားလုံးလိုက်ပါလာသော်လည်း အမျိုးသမီးကြီးမှာ နာကျင်လွန်းသောကြောင့် မည်သူ့ကို မှ စကားမှမပြောနိုင် ဖြစ်နေတယ် ဒါနဲ့ ကျမ အစောင့် က ရှမ်းစကားတတ်လေတော့ သွားမေးမြန်းချင်သော်လည်း စကားမပြောနိုင်သောလူနာ အမျိုးသမီးကြီးအား အနှောက်အယှက် ဖြစ်သွားမှာ စိုးရိမ်သည်အတွက် တစ်ည အိပ်စက်အနားယူဖို့ ပြင်စဉ်ရင်း သူမအကြောင်းကို တွေးနေမိခဲ့တယ်..
          ကျမလဲ အနာသက်သာနေလို့ အွန်လိုင်းသုံးနေမိပါတယ် ဆေးရုံပေါ်မှာ အွန်လိုင်းပေးသုံး တယ် ၂၄နာရီသုံးမှ ဘတ်၂၀ပေးရပါတယ် မီးဖိုးပေးရခြင်းပါ။ ထိုအမျိုးသမီးကြီးက တစ်ညလုံး ထလိုက် ထိုင်လိုက်နဲ့ နာကျင်စွာခံစားနေရတဲ့ အရိပ်အရောင်တွေ မြင်နေရတယ်  သနားလဲသနားမိပါတယ်  အိမ်သာသွားတဲ့အခါ သူ့ကုတင်ဘေးက ဖြတ်သွားရ တယ်လေ အဲဒီအခါမှာ သူမက ကျမကို ဘာဖြစ်တာလဲ လို့ မြန်မာလို မေးတာကြောင့် ကျမ အလွန်သဘောကျ သွားတယ် အစထဲကမှ စပ်စု မေးမြန်းချင်တဲ့ စိတ်ကရှိနေလေတော့ အခန့်သင့် ဖြစ်သွားတယ် ထိုအမျိုးသမီးကြီးနဲ့ ကျမ မိတ်ဆွေဖြစ်သွားတယ်
မနက်မိုးလင်းလို့ ဆရာဝန်လှည့်တဲ့အခါမှာ ဘာဖြစ်သေးလဲ သက်သာလား ကျမကို မေးမြန်း ပြီးထိုအမျိုးသမီးကြီးအလှည့်သိုရောက်တော့လည်းပုံမှန်သာမေးမြန်းသွားသည်ကိုမြင်ရသောကြောင့်သိတ်အခြေအနေမဆိုးလောက်ဘူးထင်မိပါတယ် ဆရာဝန်များ လှည့်ပြီးလို့ ရေးသားသွားတဲ့ မှတ်ချက်များကို သူနာပြုဆရာမများက လိုက်လံလုပ်ဆောင်ပေးကြပါတယ် ဆေးထည့်သင့်သူကိုဆေးထည့်ခြင်း ဆေးတိုက်သင့်သူကို ဆေးတိုက်ခြင်း လုပ်သင့်သည်များကို လုပ်ဆောင်ပေးနေကြချိန်မှာ မြန်မာနိုင်ငံအခေါ် မျိုးခေါ်ရရင် ထဘီစိမ်းဝတ် သူနာပြုဆရာမကြီးကဲ့သို့ ဆရာမကြီးတစ်ယောက်ရောက်လာတာကို တွေ့လိုက်ရတယ်၊ ထိုသူနာပြုဆရာမကြီအား သူနာပြု ဆရာမလေးက လှမ်းနှုတ်ဆက်ပြီး ကုတင်ကို ပြ၍ပြောလိုက်ရာ သူနာပြုဆရာမကြီးက အမျိုးသမီးကြီး နားတွင်ထိုင်ပြီး စကားများပြောဆိုနေသည်ကို ကျမမြင်နေရတယ်၊ သူမ၏သား သမီးနဲ့ သူမနဲ့ သက်တူ ရွယ်တူ အမျီးသမီးသုံးဦးခန့်လဲ သူမဘေးမှာရှိနေ တယ်၊ ခဏကြာတဲ့အခါမှာ အားလုံး မျက်ရည်စက်လက်ဖြစ်လာတာကို ကျမ သတိထားမိ လိုက်တယ်၊ သူနာပြုဆရာမကြီးက ကျန်လူတွေ အားလုံးကို ဘေးသို့ထွက်သွားရန် ပြောနေဟန်တူပါတယ် အားလုံးထထွက်သွားကြပါပြီ သူနာပြုဆရာမကြီးနှင့် ထိုလူနာအမျိုးသမီးကြီး တီးတိုးပြောဆိုနေကြသည်။ လူနာအမျိုးသမီးကြီးကတော့ တရှုပ်ရှုပ် နှင့် ငိုရှိုက်နေပါသည်။ ကျမရဲ့ သိချင်တဲ့ စိတ်တွေကလဲ ထိမ်းချုပ်မရ ဖြစ်နေမိတယ် အပြင်ထွက်သွားတဲ့ သက်တူအမျိုးသမီးကြီး တစ်ယောက်အား သွားမေးခိုင်းလိုက်တော့မှ ဖြစ်ပုံက လွန်ခဲ့သော သုံးနှစ်လောက်က နို့တွင် အကျိတ်တွေ့၍ တဘက်ဖြတ်ခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။
အခု ကျန်တဘက်က အလွန်တရာနာကျင်နေသောကြောင့် ဆေးရုံသို့ လာရောက်ဖြတ်ခြင်း ဖြစ်ကြောင်း သို့သော် သူမ၏ အခြေအနေမှာ ထပ်မံခွဲစိတ်၍ မရနိုင်တော့ကြောင်း နဲ့ အမြစ်များပွားနေသောကြောင့် သူမ၏ သက်တန်းအား ငါးလသာခံတော့မည်ဟု ပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရတဲ့အခါမှာ ကျမ ရင်ထဲ မီးခဲနှင့်ထိုးသည့်အလား အလွန်တရာ စိတ်မကောင်းခြင်းများစွာဖြင့် ကျေကွဲစွာခံစားလိုက်ရပါတော့တယ်။ ကျွန်မသည်လည်း သေတော့သေပါမည် သို့သော် ကျမကိုယ်တိုင် သတ်မှတ်ခံထားရသော ခြောက်လ သက်တမ်းကို ကျမ မတုန်လှုပ်သော်လည်း သူမသက်တန်းအတွက် ကျမ ကျေကွဲစွာခံစားရင်း ကိုယ်ကိုကိုယ် စစ်တမ်းကောက်မိပါသည်။ ကျမကော ဘယ်နှစ်လကျန်သေးလဲလို့………….

ဆေးရုံပေါ်က စာနာခြင်း

ကျမ ဆေးရုံတက်စဉ် က အဖြစ်အပျက်လေးတခုကို အခြေခံပြီး ဒီစာလေးကို ရေးပါရစေလားရှင် ဆေးရုံလာတက်သူ မြန်မာပြည်က ဘ၀တူလေးတွေကို စပ်စုမေးမြန်းရင်း သိခဲ့ရတဲ့ အဖြစ်ပျက်လေးတစ်ခုပါ… ဖြစ်ပုံက ဒီလိုလေ..
         
 ကျမခုတင်နှင့် အခြားတဖက်ခန်းသို့အရောက် ခန္ဒာကိုယ်သေးသေးသွယ်သွယ်လေးနဲ့ အမျိုးသမီးတဦးက ကျမကို ခုတင်ပေါ်မှ၍ အမက ဘာရောဂါဖြစ်တာလဲလို့ မေးတဲ့အခါ ကျမက ကျမရောဂါ အကြောင်း ပြောပြတော့ အဲဒီအမျိုးသမီးက ကျမရောဂါနဲ့ တူတူဘဲ ဘာမှ အားမငယ်နဲ့ ကျမတောင် ခွဲတာ သုံးခါရှိပြီဟုပြောပြီး သူမ၏ခွဲစိပ်ထားတဲ့နေရာအားလှန်ပြတော့ ကျမမှာ အလွန်အံ့သြ ထိတ်လန့်သွားခဲ့ရတယ်.. ရင်ညွှန်ကနေ အောက်ခြေထိတိုင်အောင် ခွဲစိပ်ထားခြင်းကြောင့် သူမပြောတဲ့ ကျမရောဂါနဲ့ တူတူဘဲဆိုတာကို ပြန်သတိရပြီး ထိတ်လန့်မှုတွေ ရင်မှာဖြစ်ခဲ့ရသေးတယ်.. ဘာမှမပြောနိုင်လောက်လဲ ဆွံ့အ နုတ်ဆိတ်သွားခဲ့ရတယ် သူမက ဆက်ပြီးတော့ ကျမကတော့ အေးဆေးဘဲ လူနာစောင့်တောင် မခေါ်လာဘူး ဒီအတိုင်းလာတက်တာ ရက်ချိန်းမို့ လို့လေ လို့ ခွဲစိပ်ဖို့ အတွက် မမှုတဲ့လေသံနဲ့ပြန်ပြောနေသေးတယ် သူမကတော့ ဘာဆို ဘာမှကို မဖြစ်သလိုပါဘဲ တကယ်အာဂသတ္တိနဲ့ မိန်းမသားတစ်ယောက်ပါဘဲလို့ စိတ်ထဲကနေ ချီးကျူးနေမိသေးတယ်..

ကျမ သူပြောတာတွေကို ကြားပြီး မူးဝေလာလို့ ကိုယ့်ခုတင်ကို ပြန်လာခဲ့ရပြီး စိတ်ကို အတော်ငြိမ်သက်အောင် ကြိုးစားလိုက်ရတယ်။ ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ တာဝန်ကျဆရာမက မည်သည့်အစားအစာမှ မစားတော့ရန် ညွှန်ကြားလာသောကြောင့် မနက်မိုးလင်းရင်တော့ ငါခွဲစိပ်ရတော့မယ်ဆိုတာ သိလိုက်ရတယ် သိလိုက်ရတာနဲ့ တပြိုင်နက်ထဲမှာလဲ ကိုယ့်ကိုကိုယ်သရဏဂုံတင်လိုက်ပြီး ပရိတ်ကြီးစာအုပ်ကိုဖွင့်ပြီး ရွတ်ဖတ်ပူဇော်ရင်း . အာရုံပြုရင်း အိပ်ပျော် သွားခဲ့ရတယ် မနက် ၉ နာရီလောက်မှာတော့ ခွဲစိပ်ခန်းက လာခေါ်ဆောင်တဲ့ လက်တွန်းလှည်းပေါ်သို့ လှမ်းအတက် ကျမ မနေ့က စကားပြောဖြစ်ခဲ့တဲ့ အမျိုးသမီးရှိရာကို လှမ်းကြည့်မိစဉ်မှာဘဲ သူမနဲ့ အကြည့်ချင်းဆုံပြီး တစ်ယောက်ကို တစ်ယောက်  အပြုံးတွေနဲ့ ပြုံးပြဖြစ်ကြသေးတယ်၊ ခွဲစိတ်ခန်းအ၀င်မှာ ခေါ်လာသူက ကျမအလှည့်မဟုတ်ဘဲ မှားခေါ်မိသည်အတွက်တောင်းပန်ကြောင်း ပြောပြီး ခုတင်ရှိရာကို ပြန်လိုက်ပို့ပေးခဲ့တယ်။ ကျမ တကယ်မခွဲဖြစ်သေးဘူး ဒါပေမယ့် မကြာမှီခွဲစိပ်တော့မှာ ဖြစ်သည့်အတွက် လက်မှာသာ ဆေးပုလင်းကြီးချိတ်ထားရပါသည်  အဲဒီလို ကျမ ဆေးပုလင်းချိတ်ထားရင်းမြင် လိုက်ရတာက သူမကို လက်တွန်းလှည်းနဲ့ ခေါ်သွားတာပါ ဒါနဲ့ အခြေအနေကို သိချင်လွန်းလို့ စိတ်စောပြီး စောင့်နေမိတယ် တနာရီလောက်ကြတော့ သူမပြန်ရောက်လာတယ်။ ဒါနဲ့ဘဲ ကျမရဲ့လူနာအစောင့် ကောင်မလေးကို သူမရဲ့အခြေအနေ သွားမေးခိုင်းလိုက်တယ် သူမက ကျမနဲ့ ရောဂါတူတူဆိုတော့ ဘယ်လိုဖြစ်လဲဆိုတာ သေချာသိချင်စိတ်နဲ့ သွားမေးခိုင်းတာပါ…

နောက်တကြိမ် ကျမကို လာခေါ်ပါပြီ ဒီတခါတော့ ဒီခွဲခန်းကို ၀င်ရဖို့ သေချာပြီဆိုတာလဲ စိတ်က အလိုလို သိလိုက်တယ် ဒါနဲ့ လာခေါ်တဲ့ တွန်းလှည်းလေးပေါ်ကို တက်လိုက်လာခဲ့တယ် ဓါတ်လှေကား အ၀င်မှာ ထိုင်းဘုရားစင်ရှိရာသို့ လက်အုပ်ချီမိုးပြီး ကန်တော့လိုက်မိပါသေးတယ် လာခေါ်တဲ့ တွန်းလှည်းပေါ်ကနေ ခွဲစိပ်ခန်းရဲ့ တွန်းလှည်းကုတင်ပေါ်ကို ပြောင်းတယ် ခွဲခန်းဝမှာ ၁၅ မိနစ်လောက်ထားတယ် နာမည်ခေါ်တယ် ပြီးတော့မှခွဲခန်းထဲကိုတွန်းပြီးခေါ်သွားတယ် ခွဲခန်းကုတင်ပေါ်ထပ်ပြောင်းရတယ်  လက်မှာဆေးသွင်းထားတဲ့နေရာက နာတယ်ပြောလို့ ပြောင်းပေးတယ် အဲဒီနောက် နှာခေါင်းကို မေ့ဆေးလာအုပ်တယ် ဒါပေမယ့် မမေ့သေးဘူး အသိတွေရှိနေသေးတယ် သူတို့ပြောတာ တွေလဲ ကြားနေရသေးတယ် ကျမလက်ကိုချုပ်လိုက်တာကိုလဲ သိနေတယ် အဲဒီနောက်မှာတော့ ခန္ဒာကိုယ်တခုလုံး ဖြန်းခနဲ ဖြန်းခနဲ နှစ်ခါလောက်ဖြစ်အပြီးမှာတော့ ကျမဘာကိုမှ သတိမရတော့ဘူး သတိရလာတဲ့အချိန်ကတော့ ခွဲစိပ်ပြီးလို့ ကိုယ့်နေရာ ခုတင်ပေါ်ကို ပြစ်တင်ခံလိုက်ရတာကို သိလိုက်တယ် ဘယ်လိုနာကျင်မှုမျိုးမှလဲ မခံစားရဘူး  ခနသတိရပြီး မေ့ဆေးအရှိန်က ကျန်နေသေးတော့ ထပ်ပြီးမေ့မြောသလို ဖြစ်သွားရင်း အိပ်ပျော်သွားခဲ့တယ် သတိရလိုက် မေ့နေလိုက် အိပ်ပျော်လိုက်နဲ့ ညသုံးနာရီတိတိမှာ ပြန်လည်သတိရလာတယ်..

ကျမမှာနှာခေါင်းပိုက် ဆီးပိုက် နဲ့ ဆေးသွင်းထားတာတွေ ရှုပ်ရှက်ခတ်နေတာပါဘဲ စိတ်ကို ရှုပ်နေတာဘဲ ဘေးတစောင်းလေးအိပ်ကြည့်တယ် တဘက်လှည့်ရင်နာတယ် နာကျင်မှုဝေဒနာကို မြတ်စွာဘုရားရှင်ရဲ့ ပရိတ်တော် ဗောဇင် သုတ်တော်ကို ရွတ်ဆိုပွားများရင်း ဝေဒနာကို ဖြေသာခဲ့ရတယ်.. သုံးရက်မြောက်နေ့မှာ ထူထူထောင်ထောင်ဖြစ်လာသောလဲ နှာခေါင်းပိုက် ရဲ့ ဒုက္ခပေးမှုကြောင့် စိတ်မသက်မသာခံစားရသေးတယ် လည်ပင်းတလျှောက်လဲ နာကျင်နေသေးတယ် တံတွေးမျိုလိုက်တိုင်း နာကျင်မှုဝေဒနာက မျက်ရှည်ဖြိုင်ဖြိင်ကျချင်စရာ.. ကျမရဲ့ ခံစားမှုကိုလဲ တခြားသူကို မသိစေချင်ဘူး တင်းခံတယ် လေးရက်မြောက်နေ့ညမှာ မခံမရပ်နိုင်ခံစားရပြီး အော့အန်သည်အထိဖြစ်ခဲ့တယ် ခေါင်းကလဲမူးနေတယ် လူနာစောင့်ကို သူနာပြုဆရာမ သွားခေါ်ခိုင်းသော်လဲ အချိန်မတော်ဖြစ်နေသည့်အတွက် သူနာပြုဆရာမများ အိပ်နေသည်အတွက် ခေါ်လို့မရခဲ့ဘူး ဒီလိုနဲ့ ဝေဒနာကို ခံစားရင် မနက်မိုးလင်း ဆရာဝန် လှည့်သည့်အခါမှ အဖြစ်အပျက်ကို ပြောပြတော့မှ နှာခေါင်းပိုက်ရော ဆီးပိုက်ကော ဖြုတ်ခွင့်ရလိုက်တယ် အဲဒါတွေဖြုတ်ခွင့်ရလို့ ပျော်လိုက်ရတယ်.

ကျမကို ဆရာမ လမ်းလျှောက်ခိုင်း ရေနဲနဲ သောက်ခိုင်းတယ်၊ ဖြေးဖြေးချင်း လှမ်းလျှောက်ရင်း တနေ့က စကားပြောခဲ့တဲ့ အမျိုးသမီးဆီကို လှမ်းကြည့်မိတော့ သူမမှာ နှာခေါင်းပိုက်နဲ့ နေနေ ရသည်အတွက် ကျမ ကိုယ်ချင်းစာစိတ်ဖြစ်မိတယ် အဲဒီနေ့ညမှာဘဲ သူမခင်ပွန်းနဲ့ ညီမ ပါ လာရောက်စောင့်ပြီး ဆေးရုံကပေးတဲ့ ဆန်ပြုတ်သောက်နေသည်ကို မြင်လိုက်ရတော့ အတော်အံ့သြသွားတယ် ဘာဖြစ်လို့များ နှာခေါင်းပိုက်နဲ့ ဆန်ပြုတ်သောက်ရလဲပေါ့ အံ့သြလို့ မဆုံးပါဘူး ခဏကြာတော့အသည်းအသန် ထိုးအန်နေတာကို မြင်လိုက်ရတယ် သူမတော်တော်ခံစားနေရတာပါ

သူမ ဗိုက်ကြီးဖေါင်းကားလာပြီး မချိမဆန့် ခံစားနေရပြီး သတိတောင်လစ်သွားလို့  ဆရာမလေးများသူ့ကုတင်ပတ်ပတ်လည်တွင် ၀ိုင်းနေကြပါသည်။ တော်တော်ကြာပါသည်။ ကျမအိမ်သာသွား၍ ပြန်လာသောအခါ သူ့ ဗိုက်ကိုဖေါက်ထားပြီးပိုက်နှင့် အစာများကိုစက်ဖြင့်စုတ်ယူနေပါသည်။ သူမသတိမရသေးပါ။ ကျမစိတ်ထဲတွင်တော့ အသက်ပါပါသွားလျှင်ကောင်းမည်ဟုတွေးမိပါသည်။ သူမကိုထပ်မံဝေဒနာမခံစားစေချင်သောကြောင့်ပါ။ ခဏအကြာမှာ ဆရာမလေးတွေက သူမကို နောက်ပြောင်နေသံကြားမှ ကျွန်မမှာ နေသာထိုင်သာရှိသွားတော့တယ် သူမ၏ အမျိုးသားက ပြုစုယုယနေတာတွေမြင်တော့ သူမတော်တော်ကံကောင်းတာပါလားလို့ ကျမနဲ့စာရင်ပေါ့ နောက်နေ့ဆရာဝန်လှည့်တဲ့အခါမှာ ဆရာဝန်နဲ့ တော်တော်ကြာအောင် စကားပြောနေတာတွေ့တော့ တခုခုတော့ထူးခြားနေပြီလို့ ထင်ခဲ့မိတယ် ထင်တဲ့အတိုင်းပါဘဲ သူမရောဂါက ဆက်လက်ပြီး ကုသမရနိုင်တော့ကြောင်း ရောဂါမှာ အလွန်တရာ ပြန့်နှံ့နေသောကြောင့် ဆေးရဲ့ အသက်ဘဲ ရှိတော့မှာဖြစ်တဲ့အကြောင်း ဗုဒ္ဓတရားတော်နဲ့အညီ မိမိကိုယ်ကို တရားနှင့်ဖြေသိမ့် အသက်ရှင်သွားဖို့အကြောင်း ဆရာဝန်က ဘာသာပြန်က တဆင့် ပြောနေတာကို ကျမ သိလိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ အတိုင်းအဆမရှိတဲ့ သနားခြင်းတွေနဲ့  သနားသွားခဲ့မိတယ် ဘ၀ဆိုတာကလဲ အဆန်းသားပါလား…သူ့ခင်ပွန်းရော ယောင်းမရော စိတ်ဓာတ်တွေကျနေတယ် သူမရဲ့ရောဂါက အူလမ်းကြောင်းတလျှောက်မှာ အသားမာလို့ယူဆရတဲ့ အကျိတ်တွေ ပြန့်နှံ့နေခြင်း ဖြစ်ပြီး အူလမ်းကြောင်းတခုလုံးကင်ဆာဖြစ်နေပြီလေ.. ဘ၀ရဲ့ သက်တမ်းတ၀က် အသက် ၄၀ ဆိုတဲ့အချိန်လေးမှာဘဲ ဆိုးဝါးလှတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ခံစားနေရတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘ၀မှာ ရုန်းကန်လှုပ်ရှားရင်း မလွှဲ မရှောင်သာ တွေ့ကြုံလာရတဲ့ ဝေဒနာကို ဘယ်လိုများ သူမအနေနဲ့ ရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ အတွေးတွေနဲ့ ဘ၀တစ်ခုရလာ ပိုင်ဆိုင်လာပြီဆိုရင် လူတိုင်းဟာ သုခတွေဘဲ ခံစားချင် အပျော်တွေဘဲ ပိုင်ဆိုင်ချင်ကြတာ  အဲဒီလို မျှော်လင့်သလို ဖြစ်မလာတဲ့ ဘ၀မှာ နောင်ဘ၀ ဒီလို ဒုက္ခတွေ ရင်ဆိုင် မတွေ့ကြုံရအောင် ကုသိုလ်ကောင်းမှု တွေပြုပြီး ကောင်းသောအလုပ် ကောင်းသောအပြော ကောင်းသောအကျင့်လေးတွေ ဖြစ် ထွန်းအောင် လုပ်ဆောင်ရမယ်ဆိုတာကိုလဲ ကိုယ့်ကို ကိုယ် သတိပေး သူမအဖြစ်ကိုကြည့်ပြီး သံဝေဂယူနိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရေးသားတင်ပြပေးလိုက်ပါတယ်ရှင်…

Tuesday, 25 September 2012

ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုသည် မြန်မာအမျိုးသမီးများအပေါ်တွင် လွှမ်းမိုးမှုရှိ



အမျိုးသား ခေါင်းဆောင်ကြီး၏ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှု ပုံစံကို သဘောကျ နှစ်သက် ကြသူများတွင် ၄င်းနှင့် ရွယ်တူ အမျိုးသမီးများ သာမက လူငယ် အမျိုးသမီးများပင် ပါဝင်ကြောင်း သိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စား ဆင်ယင်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာ မဟာတန်း တက်ရောက်နေသူ မသီသီလွင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်တုန်းက လန်ဒန် တက္ကသိုလ် မှာလည်း ကျောင်းသွားတက် ဖူးတယ်လို့သိရပါတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျခဲ့တာတောင်မှ သူဟာ မြန်မာတစ်ဦးဆိုတဲ့ စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်း ရှိနေတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းကဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် မြန်မာအဝတ်အစားနဲ့ပဲ တွေ့ရတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ် ဟု ၄င်းကဆိုသည်။ အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများ အတိုင်း လိုက်ချုပ်ကြသည်အထိ ရှိသည်ဟု သိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာအပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်း ကရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။ ကျွန်မတို့ငယ်ငယ်တုန်းက လည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လိုးပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်။ ဟု စမ်းချောင်းမြို့''ဝင်း"စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင် ကပြောကြားပါသည်။ မြန်မာဆန်စွာ ဝတ်ဆင်သည့် အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်းပန်လေ့ရှိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိသော ဟန်ပန် အပြည့် ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှ ဆန်းဆန်းပြားပြားကြီးတွေ မပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။















မန္တလေးအလင်း သတင်းဂျာနယ်မှပြန်လည်ဝေမျှသည်။