အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday, 31 March 2013

~~~စိတ်ထပ်ခြင်းအနုပညာ ~~~

စိတ်ထပ်ခြင်းဆိုတာ မြန်မာလို လှပအောင် ဘာသာပြန်လိုက်တာပါ။ စိတ်ပညာမှာ (Councelling Psychology ) ဆိုတာ ဘာသာရပ်တစ်ခု အနေနဲ့  သင်ကြားရပါတယ်...။ မြန်မာလို အတိအကျ ဘာသာ ပြန်ရရင် နှစ်သိမ့်ဆွေးနွေး ပညာပေးလမ်းညွှန်ခြင်းပေါ့....။

စိတ်ဟာ အရာအားလုံးကို ဖြစ်ပျက်ပြောင်းလဲစေနိုင်ပါတယ်....။ ဖန်တီးပြုပြင်နိုင်တယ်...။ စိတ်ကြောင့်ပဲ ဘ၀တွေ တိုးတက်အောင်မြင်တယ်...။ စိတ်ကြောင့်ပဲ ဘ၀ကို နိမ့်ကျစေတယ်...။ စိတ်ကြောင့် ကြေကွဲ ၀မ်းနည်းရသလို ...စိတ်ကြောင့်မုန်းတီးနာကျည်းခြင်းတွေ ပေါ်ပေါက်လာရသလို စိတ်ကြောင့်ပဲ ခွင့်လွှတ် နားလည်ပေးခြင်းတွေ ပေါ်ပေါက်လာပြန်တယ်....။လူတစ်ယောက်ရဲ့ စိတ်ကို လူတစ်ယောက်က control လုပ်လို့ တော့ မရနိုင်ပါဘူး........။

ဒါပေမယ့်...စိတ်ဒုက္ခ (တစ်နည်း ပြောရရင် စိတ်ဓာတ်ကျ ၀မ်းနည်းကြေကွဲမှုတွေ ) ကို နှစ်သိမ့်ဆွေးနွေး အားပေးခြင်းဖြင့် သူ့ စိတ်ကို သူကိုယ်တိုင် ပြန်လည်မြင့်တက်လာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်....။

အဲဒါဟာ Councelling ပါပဲ......။ ပညာရှင်တွေက ဒါကို
"It is a skilled dialogue in which one person helps another who has some personal difficulty"
လို့ ဖွင့်ဆိုပါတယ်.....။

လူတစ်ယောက်မှာ တွေ့ ကြုံနေရတဲ့ ဘ၀ပြဿနာ ၊ စိတ်အခြေအနေ ယိုယွင်းမှုတွေကို နှစ်သိမ့်ဆွေးနွေး ခြင်းအားဖြင့် ကူညီ လမ်းညွှန်ပေးနိုင်တာကို ဆိုလိုတာပါ...။ တကယ်ကတော့ စကားပြောပေးတာလို့  အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်...။

လူအများစုဟာ (ဘယ်လောက်ပဲ စကားနည်းတဲ့သူပဲ ဖြစ်ဖြစ် ) မိမိကပဲ ပြောချင်ကြပါတယ်..။ မိမိကပဲ ရင် ဖွင့်ချင်ကြတယ်...။ ကိုယ်ပြောတာကို တစ်ဖက်လူက တလေးတစား နားထောင်ပေးရင် ကျေနပ်ကြတတ် ပါတယ်..။ ဒါပေမယ့်......... သူတစ်ပါးပြောတာကို စိတ်ရှည်ရှည်နားထောင်ပေးဖို့၊ တစ်ဖက်လူ ခံစားရတာ ကို ထပ်တူနားလည်ယုံကြည်ပေးဖို့  ခက်ခဲတတ်ကြပါတယ်....။ စိတ်မြန်လက်မြန်ရှိတဲ့ သူတွေဆိုရင် စကား ရှည်ရှည် လာပြောတောင် မကြိုက်ကြပါဘူး....။ဒါ့ထက်ဆိုးလာရင် ဆုံးအောင် နားမထောင်ပဲ ထထွက် သွားကြတာတွေလဲ ရှိတတ်ပါတယ်......။

မြန်မာနိုင်ငံမှာ အဓိက သက်ဝင်လှုပ်ရှားနေတဲ့ AIDS, HIV ရောဂါ ရှိသူတွေကို ဆွေးနွေးပညာပေးတဲ့ ဌာန နဲ့ ပဲ ဥပမာထားပြီး တင်ပြသွားပါ့မယ်....။

ဆွေးနွေးပညာပေးတဲ့ ဖြစ်စဉ်မှာ ဆွေးနွေးပေးတဲ့သူကို (Councellor ) လို့ ခေါ်ပြီး....အဆွေးနွေးခံရသူကို (Client ) လို့ ခေါ်ပါတယ်.....။ Client တစ်ယောက်ရဲ့ ခံစားမှု အလုံးစုံကို စိတ်ဝင်တစား နားထောင်ပြီး အကြံပေးတဲ့ Councellor တစ်ယောက်အတွက် အရေးအကြီးဆုံး အရည်အချင်းကတော့ စိတ်ထပ်ခြင်း (empathy) ရှိဖို ပါပဲ.....။

သူ့ ရင်ထဲမှာ ဘာတွေခံစားနေရသလဲ ၊ဘာတွေ အားငယ်နေသလဲ ၊ ဘာတွေ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာကို ထပ်တူထပ်မျှ လိုက်ခံစား ပေးခြင်းဖြစ်ပါတယ်....။ကိုယ်သာ သူ့ နေရာမှာ ရှိခဲ့ရင်ဆိုတဲ့ အတွေး လေး ၀င်လာတဲ့အထိပါပဲ...။

"You put yourself in the person's shoes "
အခြားတစ်ယောက်ရဲ့ ဖိနပ်ထဲ ၀င်လိုက်ပါ ဆိုတာ ကိုယ်က သူ့ ရင်ထဲကို ၀င်ပြီး ခံစားကြည့်တာကို ဆိုလို တာပါ...။

အဲဒါ ကိုယ်ချင်းစာတရား.....ပါပဲ...။

ကိုယ်ချင်းစာတရားနဲ့  နားလည်ပေးတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ကြားမှာ မေတ္တာတရားက မသိမသာလေး လွန့် လူးသွားပါပြီ...။ အဲဒီ့အခါ တစ်ဖက်လူရဲ့ စိတ်ဖိစီးမှု (stress) ။ စိုးရိမ်သောက (anxiety) ကိုလျှော့ချ နိုင်အောင် နှစ်သိမ့် အားပေးကြရပါတယ်...။ ဘေးကထင်မြင် ချက်ဆိုတာထက် စိတ်ခံစားမှုနှစ်ခုဟာ တစ် ထပ်တည်းကျပြီး တိုင်ပင်ဆွေးနွေးကြရင်းက မှန်ကန်မှု အဖြေတွေ လှလှပပ ထွက်လာ တတ်ကြပါ တယ်...။

အားပေးစကားလေးတစ်ခွန်း ၊နှစ်သိမ့်ဆွေးနွေးပေးတဲ့ စကားလေးတစ်ခွန်းကနေ မထင်မှတ်လောက် အောင် ဘ၀တွေ တိုးတက်အောင်မြင်သွားနိုင်တဲ့ အထိကို စွမ်းပကားက ကြီးမားလှပါတယ်...။ မိမိကို အခြားသူတစ်ယောက်က ယုံကြည်နားလည်ပေးလိုက်တာ ၊မိမိခံစားနေရတာကို လက်ခံစာနာတာ၊ မိမိနဲ့  ထပ်တူ မျှဝေပေးလိုက်တာဟာ လူတစ်ယောက် အဖို့ အကြီးမားဆုံးသော ဆုလာဘ်ကြီး တစ်ခုပါပဲ...။ ကိုယ့်ကို နားလည်ပေးတဲ့သူတွေ ရှိလာတဲ့အခါမှာ ကိုယ်ကလည်း အခြားသူတွေအပေါ် ပြန်လည် စာနာ နားလည်လာနိုင်တယ်...။ကိုယ်ချင်းစာတရား တွေ တစ်ဦး နှင့်တစ်ဦး ဆင့်ကဲတိုးပွား များပြားလာရင်းက မေတ္တာတွေပါ ဖြန့်ကျက် လာနိုင်ပါတယ်....။

ဘ၀အခြေအနေ အတော်ဆိုးရွားပြီး အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေတဲ့သူတွေ.ထဲက... အခြေအနေ ပေးတဲ့သူတွေသာ Councellor တွေဆီ သွားကြပါတယ်...။

ဒါပေမယ့် ပုံမှန်ရုန်းကန် လှုပ်ရှားနေရင်းက လူတိုင်းဟာ အခြေအနေအမျိုးမျိုး ကြောင့် စိတ်ညစ်ညူး ကြ တယ်..၊ ခံစားနာကျင်ကြတယ်။ မိမိ ပတ်ဝန်းကျင်မှာ သူငယ်ချင်း ၊ မိဘ ညီအစ်ကို မောင်နှစ်မ စသဖြင့် အထဲက အမှတ်မထင်ရင်ဖွင့်ပြောကြားလာခဲ့ရင် အနည်းငယ် အချိန်ပေးပြီး နားလည်အားပေး လိုက်တာ ဟာ (မိမိ တောင် မသိလိုက်ရဘဲ ) တစ်ဖက်လူရဲ့  စိတ်ဓာတ်ကို လုံးဝကို ထိုးတင်ပေးနိုင်လိုက်တာပါပဲ.....။

စကားလေး တစ်ခွန်းကနေ ကုသိုလ်တွေ ပြုလိုက်တာပါပဲ.....။ ကိုယ်ချင်းစာတရားနဲ့  မျှဝေခံစားပေး လိုက် ခြင်းဟာ ဘ၀တွေကို ကယ်တင်ပေးနိုင်တဲ့အထိကို တာသွားနိုင်ပါတယ်....။

စိတ်နဲ့ ဖန်ဆင်းတည်ဆောက်နေရတဲ့ လောကကြီး အလယ်မှာ စိတ်ထပ်ခြင်းအနုပညာဟာ မမှန်းဆနိုင်လောက်အောင် စွမ်းပကားကြီးမားလှပါတယ်.............။ ။

Friday, 29 March 2013

ဟီရိနှင့် သြတ္တပ

္ပ ဟီရိနှင့် သြတ္တပကင်းဝေး ကြလျှင်ဖြင့်
=====================

''ဟီရိ''၏ အဓိပ္ပာယ်မှာ ''ရှက်ခြင်း''ဖြစ်၍ ''သြတ္တပ္ပ'' ၏ အနက်မှာ ''ကြောက်ခြင်း'' ဖြစ်သည်။ ဤ ''အရှက်''နှင့် ''အကြောက်'' တရားနှစ်ပါးသည် လူ့ဘုံ လောကကို ထိန်းကျောင်း စောင့်ရှောက်သည့်နေရာတွင် အဓိက ကျနေ၏။

''ဟီရိ'' ဟူသော ''အရှက်''သည် အဘယ် အရာကို ရှက်ရမည်နည်း။ လူသားတို့၏ ကိုယ်၊ နှုတ်၊ စိတ်တည်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ၊ အပြုအမူ အရာကို ''ရှက်ခြင်း'' အားဖြင့် ရှောင်ကြဉ်ကြရမည်။

''သြတ္တပ္ပ''ဟူသော ''ကြောက်ခြင်း'' ဖြင့် မည်သည်ကို ကြောက်ရမည်နည်း။ ကိုယ်နှုတ်၊ နှလုံး၊ အမူအရာအားဖြင့် ကြောက်ရမည်နည်း။ ကိုယ်၊ နှုတ်၊ နှလုံး အပြုအမူ အားဖြင့် အရှက်တကွဲ ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းဖြင့် ရှောင်ကြဉ် ကြရမည်။

အချုပ်အားဖြင့် ဆိုရသော် ဟီရိနှင့် သြတ္တပ္ပသည် လူသားတို့၏ ကာယဣနြေ္ဒ ဟူသော ကိုယ်အမူအရာ၊ ဝစိဣနြေ္ဒ ဟူသော အပြောအဆိုနှင့် မနောဣနြေ္ဒ ဟူသော စိတ်အမူအရာ များကို ထိန်းသိမ်းရန် ရည်ညွှန်းထားသည်။

''သိသာ သိစေ မမြင်စေနှင့်'' ဆိုစကားသည် အလွန် ''တာသွား'' သောစကား ဖြစ်သည်။ ''မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့ မရ'' စကားပုံ သည်လည်း ဣတ္ထိယ နွယ်ဝင် အမျိုးသမီး များ၏ ဣနြေ္ဒကို တန်ဖိုးထားကြောင်း ပြဆိုထားသည်။ ရှေးမြန်မာ အမျိုးသမီးများသည် ခြေမျက်စိ ပေါ်အောင်ပင် ထဘီများကိုဝတ်ဆင်လေ့ မရှိခဲ့ ကြချေ။ ကာယ၊ ခန္ဓာကိုယ်အား လုံခြုံစေရန် ကျက်သရေ ရှိစွာ ဝတ်ဆင် ခဲ့ကြသည်။ ဆံကေသာနှင့် ပတ်သက်၍ ဆိုလျှင်လည်း ''ပိတုန်းရောင် ကေသာ'' စကားက ထင်ရှားနေသည်။တိုးတက် ပြောင်းလဲ လာသော ခေတ်အခြေအနေ အရ ဝတ်စား ဆင်ယင်ခြင်းနှင့် ပတ်သက်၍ ပြောင်းလဲ လာသည်ကို လက်ခံ သင့်သော်လည်း တိုလွန်းလျှင် ဟီရိသြတ္တပ္ပ ကင်းပြီး လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်မှာ အမှန်ပင်ဖြစ်သည်။

လောက လူ့ဘုံကို အရှက်နှင့် အကြောက်ဟူသော လောကပါလ တရားနှစ်ပါးဖြင့် လုံခြုံအောင် ကာကွယ် ထားသည်ကို လူသားတိုင်း အထူး သတိထား ကြရမည် ဖြစ်သည်။ ဤတရား နှစ်ပါးနှင့် ကင်းဝေး သွားကြလျှင် တိရစ္ဆာန် ဘုံနှင့် မခြားနား တော့ပေ။ ကမ္ဘာဦး ကာလသို့ ရောက်သွား ပါလိမ့်မည်။

အလွန်ပင် တိုးတက် လှပါသည်၊ ယဉ်ကျေး လှပါသည် ဆိုသည့် နှစ်ဆယ့်တစ် ရာစု ကာလ ခါသမယမှာ သားပျို၊ သမီးပျို၊ လူငယ်၊ လူရွယ်များ အနေဖြင့် အမျိုးသား အသိဖြင့် သတိထား ကြရမည်။ အသရေ မလုံခြုံသော အဝတ်ကို ပိုက်ဆံ ပိုပေး၍ မဝတ်သင့် ကြပေ။ တစ်ဖက်မှလည်း ''သားသမီး မကောင်း မိဘခေါင်း''၊''တပည့်မကောင်း ဆရာ့ခေါင်း'' ဆိုစကားအတိုင်း မိဘ၊ ဘိုးဘွား၊ ဆရာသမား လူကြီး များကလည်း လျစ်လျူရှု မထားကြဘဲ ပြောဆို ဆုံးမ သြဝါဒ ပေးကြရမည် ဖြစ်သည်။

ကမ္ဘာ့ လူမျိုးတိုင်း၌ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာ အရ ဝတ်စား ဆင်ယင်မှု ကွဲပြားလျက် ရှိကြသည်မှာ အများသိ ဖြစ်ပါသည်။ မြန်မာ လူမျိုးတွင်လည်း ''မြန်မာ့မူဟန် ဇာတိမာန်''ဟူသော စကားအတိုင်း ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အတိုင်း ကာယဣနြေ္ဒ လုံခြုံစွာဖြင့် ကိုယ်ပိုင်ဟန် မပျက်ရအောင် ထိန်းသိမ်း သွားကြရမည်မှာ မြန်မာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူရွယ်တိုင်း၏ သမိုင်းပေး တာဝန် ဖြစ်သည်ကို မမေ့သင့် ကြပေ။

ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပါ ပျောက်နိုင်သည်။ ကမ္ဘာဦး လူသားတို့သည် ကိုယ်ခန္ဓာတွင် မည်သည့် အရာမျှ အဖုံးအကာ မရှိသည့် ဘဝမှ တဖြည်းဖြည်း အသိဥာဏ် ရင့်သန် လာသည်နှင့်အမျှ သစ်ရွက်၊ သစ်ခက်၊ လျှော်၊ သားရေတို့ဖြင့် ကာယ ဣနြေ္ဒ လုံခြုံစေရန် ဝတ်ဆင် လာခဲ့ကြသည်မှာ ထင်ရှားသည့် ယဉ်ကျေးမှု၊ တိုးတက်မှု တစ်ရပ် ဖြစ်သည်။ လူသားများ အတွက် မြတ်နိုး ဂုဏ်ယူ စရာလည်း ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုး တို့၏ သမိုင်းစဉ်သည် အလွန်ရှည်လျား ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ဤသည်ကို ပုံတောင်၊ ပုံညာဒေသ ရှေးဟောင်း သုတေသန တူးဖော် တွေ့ရှိချက်က သက်သေ ပြခဲ့ပေပြီ။ တွေ့ရှိရသော လူသား ကျောက်ဖြစ်ရုပ်ကြွင်း (ပရိုင်းမိတ်) စမ်းသပ် တွေ့ရှိချက် အရ မြန်မာလူမျိုး တို့သည် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်း ၄ဝ ကျော်ကပင် စတင် လာခဲ့ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။ သမိုင်းစဉ် ရှည်လျားသည့် နည်းတူ သိမ်မွေ့ နက်နဲသည့် ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသည့် လူမျိုး အဖြစ်လည်း ကမ္ဘာသိ ဖြစ်သည်။ ဤသည်တို့မှာ ကျွန်ုပ်၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ အစဉ်အဆက် စောင့်ရှောက် လာခဲ့သော ကျေးဇူး ကြီးမားခြင်း ဖြစ်သည်။

ရှေ့ဆက် ထိန်းသိမ်းရမည့် တာဝန်မှာ မျိုးဆက်သစ် လူငယ်၊ လူရွယ်များ၏ ရှောင်လွှဲ မရသည့် တာဝန်ပင် ဖြစ်သည်။မျက်မှောက်ခေတ် မြန်မာ့ ယဉ်ကျေးမှုကို အနောက်တိုင်း သရုပ်ပျက် ယဉ်ကျေးမှုက တစ်စတစ်စ ဝါးမျို လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင နေကြရသည်။

အထူးသဖြင့် အချို့ အမျိုးသမီး ငယ်ရွယ်သူ များ၏ ဣနြေ္ဒ မလုံခြုံသော ဝတ်ဆင်မှုသည် မြင်ရသူတိုင်း ဘဝင်မကျ၊ မရှုဝံ့၊ မမြင်ရဲစရာ ဖြစ်လာသည်။ မိဘနှင့် သားသမီး၊ မောင်နှင့် နှမ၊ မြေးနှင့် အဘိုးတို့ကြား အမြင်မတော် မသင့်လျော် ဖြစ်နေသည်။ တကယ်တမ်း ပြောရလျှင် ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းများကို မျက်ကွယ်ပြု ကျောခိုင်းပြီး သရုပ်ပျက် ဝတ်ဆင်မှုကို အထင်ကြီးကာ အင်နှင့်အားနှင့် လိုက်စားကာဖြင့် ''တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှား'' လျှင်တော့ မောပန်းခြင်းနှင့် သောကသည်သာ နောက်ဆုံးရလဒ် ဖြစ်မည် ဆိုသည်ကို အချိန်မလွန်မီ သဘောပေါက် ကြရမည် ဖြစ်သည်။

များသောအားဖြင့် ကျောင်းသားအရွယ် လူငယ်၊ လူရွယ်များ အတွင်းမှာလည်း ဇာတိမာန် ပျောက်ကာ တိုင်းတစ်ပါးသား တို့၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်သော လူနေမှု ပုံစံ၊ ဝတ်စား ဆင်ယင်မှု ပုံစံကို အထင်ကြီး အတုယူစရာ တစ်ခုအဖြစ် ယူဆ အောက်မေ့ အတုခိုး နေကြသည်။ ထိုသို့ လမ်းလွဲ နေမှုကို ယဉ်ကျေးမှုအား မြတ်နိုး ချစ်ခင်တတ်သော လူငယ် လူရွယ် အချင်းချင်း ဝိုင်းဝန်းတားမြစ် ပြစ်တင် ကြရမည်။ အထူးသဖြင့် တာဝန် ရှိသူများမှာ မိဘများပင် ဖြစ်သည်။

နိုင်ငံတော် အလံနှင့် နိုင်ငံတော် သီချင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဇာတိမာန်ကို ဖော်ပြနေသည်။ လူမျိုး၏ ဝတ်စား ဆင်ယင်မှု သည်လည်း လူမျိုး၏ ဇာတိမာန်ကို ဖော်ညွှန်းနေသည်။ ဇာတိမာန် ပျောက်လျှင် ကျွန်ဘဝသို့ ပြန်ရောက် တတ်သည်ကို သတိချပ် သင့်သည်။ ''ပညတ်သွားရာ ဓာတ်သက်ပါ'' ဆိုသည့် အတိုင်း အမှား ရှည်ကြာ လာပါက အမှန်ဟု ထင်လာ တတ်ကြသည်မှာ လူ့သဘာဝ ဖြစ်သည်။ သို့ဖြစ်သောကြောင့် မျိုးမြန်မာ ဇာတိမာန် ဖောက်၍ လူမျိုး မပျောက် ရလေအောင်၊ အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီး ငယ်တိုင်း''ချောင်းကိုပစ်၍ မြစ်ကို မရှာသင့်ကြောင်း'' အလေးအနက် သတိထား ကြရမည်။

အမျိုးသား လူငယ်၊ လူရွယ်များ နယ်ပယ်တွင်လည်း ဘုရား ကျောင်းကန် များ၌ပင် ဘောင်းဘီတို၊ ရှည်များကို နေရာမရွေး ဝတ်ဆင် သွားလာ ကြသည်မှာလည်း ''အမြင်မတော် ဆင်တော်နှင့် ခလောက်'' ဖြစ်နေသည်။ ဘယ်အရပ်မှာ ဘယ်အဝတ်ကို ဝတ်သင့်သည်ကို ခွဲခြား သိသင့်သည်။ အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်သည့် နေရာ၊ အဆောက်အအုံ၊ ကျောင်း၊ ကန်၊ စေတီ၊ ဘုရား၊ ပုထိုးများသို့ သွားလာကြသည့် အခါများတွင် ဗုဒ္ဓ ဘာသာဝင်များ ပီသစွာ အမျိုးသား၊ အမျိုးသမီး ဝတ်စုံကို ဝတ်စား ဆင်ယင်၍ သွားလာခြင်း သည်သာ မြင်ရသူတိုင်း အဖို့ အလွန်တင့်တယ် ကျက်သရေ မင်္ဂလာ ပြည့်စုံ နေပေလိမ့်မည်။

သို့ဖြစ်ပါ၍ မြန်မာ နိုင်ငံ၏ အနာဂတ် အညွန့်အဖူးများ ဖြစ်ကြသော မျိုးဆက်သစ် လူငယ်၊ လူရွယ်များ အနေဖြင့် တို့ဘိုးဘွားများ အမွေဖြစ်သည့် မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာများကို အစဉ်အဆက် ထိန်းသိမ်း ကြရမည် ဖြစ်ပါသည်။ ထို့အတူ ခေတ်မီ နည်းပညာ များကို အင်တိုက်အားတိုက် အပတ်တကုတ် သင်ယူ လေ့လာ ကြိုးစား၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးကို ထူထောင် ကြရမည် ဖြစ်ပါကြောင်းတိုက်တွန်း ရေးသား လိုက်ရပါသည်။

မြဝတီ
Photo: ဟီရိနှင့် သြတ္တပ္ပ ကင်းဝေး ကြလျှင်ဖြင့်

Monday, 25 March 2013

သွေးပေါင်ကျသူများအတွက်

သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့. . .

ခုတစ်လော မိုးရာသီဆိုပေမယ့် မိုးမရွာလို့ ရှိရင် အရမ်းပူပါတယ် အဲဒီတော့ ချွေးထွက်တွေများပြီး သွေးတိုးမရှိတဲ့ လူတွေ က သွေးပေါင်အရမ်းကျ ကျပါတယ်. . . သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင်ကျရင် လည်း သွေးပေါင်ပြန်တက်အောင် လုပ်လို့ရပါတယ်. . ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းလေးတွေကိုသိထားရင် လည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.

မုန်လာဥ အစိမ်းကိ ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေးကျစေရန် သွေးပေါင်ချိန်ထိန်းရန် အလွန်အကျိုးရှိသော ကုသမှုဖြစ်ပါတယ်. . . မုန်လာဥဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ. . . အာဟာရဓာတ်ကြွယ်ဝစေဖို့အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန်ညှိပေးနိုင်ပါတယ်..

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ. . . သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ . . ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ်သောက်သုံးပေးလျှင် ကောင်းမွန်ပါတယ်.

ခန္ဓာကိုယ်ထဲမှ ရေဓာတ်ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန်ကျစေပြန်ပါတယ်. . . . သွေးပေါင်ချိန်ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုမှ ကယ်ဆယ်နိုင်ပါတယ်...

အကယ်၍ သွေးပေါင်တိုးနေပါက မိသားစုဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့်မှန်ကန်သည့် ဆေးဝါးသောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်. . . .မိမိဘာသာ ဆေးများ သောက်သုံးခြင်း ၊သောက်ရသည့် ပမာဏထက်ပို၍ သောက်ခြင်းများကိုလည်း ရှောင်ကြဉ်ပါ. ..

By Health Articles

ကောသလ မင်းအိပ်မက် (၁၆ )ချက်

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေး
လွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေ
တော့မယ်။

(၅) အမေး။ ။ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ။ ။မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

(၆) အမေး။ ။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အမေး။ ။ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ ။အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

(၉) အမေး။ ။ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်
ကားရန်။

(၁၀) အမေး။ ။တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်
သုံးလီ။
အဖြေ။ ။မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အမေး။ ။မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာ
ဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အမေး။ ။အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

ကိုထွေး (ရန်ကုန်)

Ref: Myanmar Online News

Sunday, 17 March 2013

“တုန့်ပြန်ချင်စိတ်”

“တုန့်ပြန်ချင်စိတ်”

မခံချင်တဲ့စိတ်၊ တုန့်ပြန်ချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာ ရှိတယ်။ ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ တမင်တကာ အပြစ်ရှာပြောနေရင်၊ ကိုယ့်ကို လိုက်ကဲ့ရဲ့နေရင် တုန့်ပြန်ချင်တယ်နော်။ မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီး ပိုတုန့်ပြန်ချင်နေတယ်။ 

စိတ်ကခိုင်းတယ် မင်းပြန်ပြောလိုက်၊ မင်းကို ဒီလိုလာပြောနေတယ်၊ ငြိမ်ခံနေမှာလား၊ ငြိမ်ခံမနေနဲ့ ပြောပစ်လိုက် လုပ်ပစ်လိုက်လို့  တိုက်တွန်းတယ်။ မာနတရားက ထပ်ဦးစီးရင် သူလိုလူကများ ‘ငါ့’ကို လာပြောနေတယ်။ သူကဘယ်လောက်ကောင်းနေ မှန်နေလို့လဲ? ဘယ်လောက် တော်နေ တတ်နေလို့လဲ? ဘယ်လောက်သိနေတာမို့လဲ? ပြောပလိုက်စမ်းပါ ပြန်တုန့်ပြန်လိုက်လို့ တိုက်တွန်းတယ်။

ပညာဗဟုသုတ ဦးစီးတဲ့ အသိဥာဏ်က တားတတ်တယ်။ မင်း ပြန်လုပ်စရာ မလိုပါဘူးကွာ။ မင်းပြန်ပြောစရာ မလိုပါဘူး။ သည်းခံတယ်ဆိုတာ ဘုရားကြိုက်တဲ့ သူတော်ကောင်းတို့ရဲ့အား။ ဒီလိုလူမျိုးကို ဒီလိုနည်းနဲ့ တုန့်ပြန်စရာ မလိုပါဘူးကွာ။ မင်းသည်းခံလိုက်ပါ။ ဒေါသထွက်နေသူကို ပြန်ဒေါသထွက်တာဟာ ပထမဒေါသထွက်သူထက် မိုက်မဲတယ်တဲ့။ မင်းဒေါသမထွက်နဲ့.. သည်းခံလိုက်။ သည်းခံလိုက်။ မဟုတ်တာကို မဟုတ်တာနဲ့ ပြန်တုန့်ပြန်စရာ မလိုဘူး။ သူဖြစ်စေချင်တဲ့အတိုင်း စိတ်တိုနေရမှာလား? စိတ်ထဲထားမနေပါနဲ့။ ဒီလောက်အရေးမကြီးပါဘူး။ သူကဲ့ရဲ့တယ်ဆိုတာ တဒင်္ဂလေးပါ။ ကဲရဲ့တယ်ဆိုတာ လူဖျင်းလူညံ့တွေ လုပ်တတ်တဲ့အလုပ်။ သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေကြိုက်တဲ့ အလုပ်။ ဘုရားကြိုက်တဲ့အလုပ်။ 
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ လုပ်ပါ။ တုန့်ပြန်မနေပါနဲ့ကွာ…။ ဒီလောက် မလိုအပ်ပါဘူး။ 

ဒီလို အားပြိုင်နေတဲ့အခါ….
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ ရွေးပြီး လုပ်လိုက်ပါ။
စိတ်ထဲကနေ “တိုးတိုးလေးပြောနေပါ.. သည်းခံတယ်ဆိုတာ သူတော်ကောင်းတို့ရဲ့အားတဲ့” “သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်”လို့…. ဒီလိုဆို သူများ လိုက်ကဲ့ရဲ့နေလည်း စိတ်ချမ်းသာသွားလိမ့်မယ်။ ပါရမီလည်း ဖြစ်သွားတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ရင့်ကျက်မှု၊ လေးစားမှု တိုးလာတယ်။ တကယ်ဆို သူများတွေက ကိုယ့်ကို (အပြုသဘောမဆောင်ဘဲ) အပြစ်ပြောတာတွေဟာ ကိုယ့်ကို ရင့်ကျက်လာအောင် သည်းခံတတ်လာအောင် လုပ်ပေးနေတယ်။ 

ဒီလို တုန့်ပြန်ချင်တဲ့စိတ်ကြောင့် ကိုယ့်အမှားပဲ ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။ ကိုယ်က မှန်နေသော်လည်းပဲ ပြန်တုန့်ပြန်ချင်တဲ့စိတ်၊ မခံချင်တဲ့စိတ်ကြောင့် သူ့အမှားဟာ ကိုယ့်အမှားဖြစ်သွားတတ်တယ်။ ကိုယ်က မခံချင်စိတ်နဲ့ လွဲမှားတဲ့နည်းနဲ့ တုန့်ပြန်လိုက်ရင် သူများမကောင်းတာ အကြောင်းပြုပြီး ကိုယ်ပါမကောင်းတဲ့သူဖြစ်အောင် လုပ်နေတာပဲ။ ဒီလောက်မလိုအပ်ပါဘူး။ 

လူတိုင်းနီးပါး.. ကိုယ့်အပေါ်အရင်လာစပြီး ခနဲ့တာလိုလို ကဲ့ရဲ့တာလိုလို လုပ်တာမျိုးတွေကို ပြန်တုန့်ပြန်ခဲ့ဖူးပါလိမ့်မယ်။ လုပ်ခဲ့ဖူးပါလိမ့်မယ်..။ ကျွန်တော်လည်း လုပ်ခဲ့ဖူးတယ်။ ဘယ်ငြိမ်နေပါ့မလဲ လုပ်ခဲ့ဖူးတာပေါ့။ သူများကို ပျက်စီးသွားပါစေ ဆိုတာမျိုးတော့ မလုပ်ဖူးခဲ့ပါ။ အရင်လာစပြီး ခနဲ့တာလိုလို ရွှဲ့တာလိုလို ပြောတာဆိုတာမျိုးတွေကို အငြိမ်မနေဘူး။ ပြန်တုန့်ပြန်ချင်တယ်။ ပြန်တုန့်ပြန်ခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပဲဗျ။

ဒါဆို..... တုန့်ပြန်လိုက်ပါပြီ…။
ဘာပြန်ရသလဲ? ဘာအဖတ်တင်လဲ?
ဒီလိုလုပ်လိုက်လို့ ကိုယ့်အတွက် ဘာကျန်သွားသလဲ? ဘာအကျိုးရှိလဲ?
ကိုယ့်အတွက်ကော အကျိုးရှိသွားလား? သူ့အတွက်ကော အကျိုးရှိသွားလား? 
ရန်ငြိုးရန်စပဲ အဖက်တင်တယ်။ ရန်ငြိုးရန်စပဲ ကျန်တယ်။ အလဟသ ကိုယ့်စိတ်ဓါတ်အင်အားတွေ အချိန်တွေ ဖြုန်းပစ်လိုက်တာပဲ အဖတ်တင်တယ်။ သူပြော ကိုယ်ပြောနဲ့ စိတ်အညစ်အကြေးများတာပဲ အဖတ်တင်တယ်။ စိတ်ထားလည်း ကြီးမလာဘူး။ ဒေါသပဲကြီးလာစေတယ်။ ဒေါသကြီးတော့ အကုသိုလ်သာ ကြီးစေတယ်။ တကယ်တမ်း အရေးကြီးလှတဲ့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ ဖြုန်းပစ်လိုက်တာကို သိပ်နှမြောတာပဲ။ ဒီလိုပြန်တုန့်ပြန်နေတာမျိုးနဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားကို မဖြုန်းပစ်ချင်ပါနဲ့။ သူက သိပ်တန်ဖိုးရှိတယ်။ မဖြုန်းမိပါစေနဲ့။ 

တုန့်ပြန်ချင်စိတ်တွေနဲအောင် ဘာလုပ်ရမလဲ? လို့ဆိုရင်…. ဆရာတော်ဦးဇောတိက စာအုပ်တွေကို အချိန်ပေးပြီးတော့ ဖတ်ပါ။ ကိုယ့်အတွက် အခုရော နောင်ပါ၊ ပစ္စုပ္ပန်ရော သံသရာပါအကျိုးရှိစေတယ်။ ကျွန်တော်ကတော့ ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပြီး တုန့်ပြန်ချင်စိတ်တွေ နဲလာတယ်။ ငယ်တုန်းကလို မတုန့်ပြန်ချင်တော့ဘူး။ ဒါတောင် အရှိန်မကုန်သေးဘူး။ မထင်ရင် မထင်သလို တုန့်ပြန်ချင်နေတုန်းပဲ။ အထက်ပါနည်းနဲ့ ထိန်းနေဆဲပါ။ 

သူတုန့်ပြန် ကိုယ်တုန့်ပြန်နဲ့ ရန်ငြိုးရန်စ တိုးစေတယ်။ တုန့်ပြန်ချင်စိတ်ဟာ ကိုယ့်စိတ် အင်အားနဲသေးတယ်ဆိုတာကို ပြနေတယ်။ အင်အားကြီးတဲ့သူရဲ့စိတ်ဟာ သည်းခံနိုင်သွားပြီ။ ခံနိုင်ရည်ရှိသွားပြီ။ စိတ်အား သေးတဲ့သူကျတော့လည်း သူများကို လိုက်မကောင်းပြောနေရမှ၊ လိုက်အပြစ်ပြောနေမှ၊ သူများစိတ်ထဲ ကသိကအောက်ဖြစ်သွားမှ၊ သူများစိတ်ဆင်းရဲ စိတ်ညစ်နေမှ သူ့ခမျာ နေသာထိုင်သာ ရှိရှာတယ်။ ဒီလိုလုပ်နေရမှ အရသာရှိတယ်လို့ အထင်ရောက်နေတယ်။ သူ့ပြောလိုက် လုပ်လိုက်လို့ တစ်ဖက်သားဂုဏ်သိက္ခာကျသွားတယ်လို့ ထင်နေမှ နေသာထိုင်သာ ရှိရှာတယ်။ သူများကျ မကျတော့ မသေချာဘူး ကိုယ်အရင်ပူလောင်ရတယ်ဆိုတာ မသိရှာဘူး။ ဒါလည်း သူ့ရဲ့စိတ်အင်အားတွေကို ဖြုန်းနေတာပဲ။ ကောင်းတဲ့ဘက်မှာ အသုံးမချနိုင်ပဲ တစ်ဖက်သားကို လိုက်ပြောဖို့ပဲ အချိန်ပေးနေရရှာတယ်။ ကောင်းတဲ့ဘက်မှာ အသုံးချတတ်ရင် အကျိုးတော်တော်ရှိမှာပဲ။ 

ကိုယ်ကလည်း တစ်ဖက်သားကို အပြုသဘောနဲ့မဟုတ်ပဲ အပျက်သဘောနဲ့ မပြောမိ၊ မဆိုမိအောင် စောင့်ထိန်းပါ။ ပြောချင်ဆိုချင် တုန့်ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ အသိဥာဏ်မဦးစီးပဲ စိတ်အတိုင်းသာ လွှတ်ထားရင် အကုသိုလ်တွေ ဝင်ချင်တိုင်းဝင်နဲ့ ကိုယ့်ဘဝလမ်းလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဘဝလမ်းကို အဆင်ပြေပြေနေချင်ရင် စောင့်စည်းနိုင်မှ ဖြစ်မယ်။ မစောင့်စည်းခဲ့လို့ပဲ အဆင်မပြေခဲ့တာတွေ များပြီ။ မထိန်းချုပ်လို့ပဲ ပြဿနာဖြစ်တာတွေ များပြီ။ တုန့်ပြန်ချင်တဲ့ စိတ်ကြောင့်ပဲ ရန်ငြိုးရန်စတွေ များခဲ့ပြီ။ တဒင်္ဂ တုန့်ပြန်ချင်တဲ့စိတ်ကို မထိန်းချုပ်တတ်လို့ စိတ်ရှုတ်ရတာလည်း များပြီ။ စိတ်မညစ်သင့်ပဲ ညစ်ရတာများပြီ။ စိတ်ချမ်းသာရမယ့် စိတ်ချမ်းသာမှုတွေ ဆုံးရှုံးတာများပြီ။

နောက်ထပ် အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင် ထိန်းချုပ်တတ်မှ ဖြစ်တော့မယ်။ 
ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေကို မဖြုန်းတီးပဲ အကျိုးရှိစေချင်ရင်..
ကိုယ့်ကိုကိုယ် ယုံကြည်မှု လေးစားမှုတိုးပြီး တန်ဖိုးရှိစေချင်ရင်..
ကိုယ့်စိတ်ထားတွေ မြင့်လာစေချင်ရင်..
တုန့်ပြန်ချင်တဲ့စိတ်တွေကို ထိန်းမှဖြစ်တော့မယ်။
 
နှလုံးသားအာဟာရ
၁၅.၃.၂၀၁၃

Thursday, 14 March 2013

အတူတူတွဲ မအိပ်သင့်တဲ့အရာ - (၅)မျိုး

အတူတူတွဲ မအိပ်သင့်တဲ့အရာ - (၅)မျိုး

...
ကျန်းမာရေးဟောပြောပွဲ တစ်ခုမှာ ကျွန်တော်ကြားသိခဲ့ရတာ လေးတစ်ခုပါ။ ဟောပြောသွားတဲ့ သူကလည်း Blog တစ်ခု

မှာဖတ်ဖူးတာလို့ပြောပါတယ်။ ဘယ်သူ့ Blog လို့ပြောမသွားတဲ့အတွက် မူရင်းရေးသူကို ကျွန်တော်လဲမသိပါဘူး။

ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေအတွက်ကျွန်တော်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ နာရီဝတ်ပြီးမအိပ်ပါနဲ

နာရီဟာရေဒီယို သတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး

အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်အိပ်တဲ့

အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။

၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္) ၀တ်ပြီးမအိပ်ပါနဲ့

အမေရိကန်မှ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများဟာ (၁၂)နာရီထက် ကျော်လွန်ပြီး

အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ ဒါကြောင့်သက်တောင့်သက်သာ

နဲ့ လဲအိပ်ရ၊ ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ် အိပ်ပါ။

၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီး အိပ်ခြင်ဟာလဲ မကောင်းပါဘူး။ တစ်ချို့က ဖုန်း

ကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာ ထားတတ်ပါတယ်။ အဲဒီလိုအသုံးပြူခြင်တယ် ဆိုရင်လဲ မိမိ

အခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာ ထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့

လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြ

ပါတယ်။ အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။

ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။

၎။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့

ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့ မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေ

နိုင်ပါတယ်။ မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် မိပ်ကပ်တွေဟာ အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီး

မှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင်သစ်ပြီးမှ အိပ်ပါ။ မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး

(တောင်နံကြီး၊ရှင်မတောင်) ကို ခပ်ပါးပါးလေး သွေးလိမ်းနိုင်ပါတယ်။

၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသော

လင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။ အဲလိုအိပ်မိလျှင် သင့်အတွက် သေလောက်အောင် အရှက်ရစေ

နိုင်ပါတယ်။ လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံးသွားရပါလိမ့်မယ်။ အဲလိုတစ်ခါ

အိပ်မိယုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်တော့မှပြန်လည်ရှင်သန်နိုင်

လိမ့်မည်မဟုတ်ပါ။ ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အသက်ရှည်၊ကျန်းမာပြီး အိမ်မက်လှလှတွေနှင့်အတူ နှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ.................

Ei Ei Thin

Thursday, 7 March 2013

"နေရာတကာ မနောက်ပါနဲ့..... "

"နေရာတကာ မနောက်ပါနဲ့..... "
•••••••••••••••••••••••••••••••••••••

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ "ခုဇ္ဖုတ္တရာ" မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။

သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက  သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။  ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊  အိမ်ရောက်လာတယ်။  ဘိက္ခုနီမ ရောက်လာတော့  သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...

အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊ အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...

တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရာ ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။ ငရဲကျတာထက်စာရင်တော့ ကျွှန်ဖြစ်ရတာက တော်ပါသေးတယ်။..ဆိုပြီး မိတ်ကပ်ဘူးလေးကို ယူပေးလိုက်ပါတယ်။

အဲဒီလို ဘိက္ခုနီမတစ်ပါးကို  ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။

ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်: နေတယ်။  အဲဒါကို ခုဇ္ဖုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြ ပြီးဆိုရင် တစ်ခါတရံမှာ သူက  ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီးခါးကုန်တဲ့ပုံလုပ်ပြပါတယ်။ ကွယ်ရာမှာ အပျော်သဘောနဲ့ ပျောင်လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး  စွတ်စွဲပြောဆို စော်ကားမှ  အကျိုးပေးတာမဟုတ်ဘူး ၊ ကွယ်ရာမှာ အချင်းချင်းပြောဆိုရင် ၊ ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်တဲ့အကြောင်း တွေ့ရပါတယ်။

အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။

ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီး  ဗဟုသုတပြည့်စုံပါတယ်။

အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များ အေးဆေးပုံမှန်အတိုင်းမကိုင်နိုင်တော့ဘဲ ဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့  ဣနြေ္ဒမရဖြစ်နေချိန် မှာ ခါးကုန်းတာပြောင်ပြတဲ့ ရံရွှေတော်မလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့...အရှင်မြတ်တို့...
သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့ 
အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။  အပူဒဏ်သက်သာအောင် ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ
 ငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
 မြတ်စွာဘုရား၏ သာသနာတော် နှင့်တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။ ယခုသုတ္တန် အားကြည့်ခြင်းအားဖြင့် မကောင်းသော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာထိန်းသိမ်းကြရန်လိုပါသည်။

(စာရေးသူ-ညခင်း)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
“ ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_
‎
•မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ "ခုဇ္ဖုတ္တရာ" မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။

သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...

အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊ အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...

တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရာ ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။ ငရဲကျတာထက်စာရင်တော့ ကျွှန်ဖြစ်ရတာက တော်ပါသေးတယ်။..ဆိုပြီး မိတ်ကပ်ဘူးလေးကို ယူပေးလိုက်ပါတယ်။

အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။

ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်: နေတယ်။ အဲဒါကို ခုဇ္ဖုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြ ပြီးဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီးခါးကုန်တဲ့ပုံလုပ်ပြပါတယ်။ ကွယ်ရာမှာ အပျော်သဘောနဲ့ ပျောင်လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး စွတ်စွဲပြောဆို စော်ကားမှ အကျိုးပေးတာမဟုတ်ဘူး ၊ ကွယ်ရာမှာ အချင်းချင်းပြောဆိုရင် ၊ ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်တဲ့အကြောင်း တွေ့ရပါတယ်။

အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။

ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီး ဗဟုသုတပြည့်စုံပါတယ်။

အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များ အေးဆေးပုံမှန်အတိုင်းမကိုင်နိုင်တော့ဘဲ ဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့  ဣနြေ္ဒမရဖြစ်နေချိန် မှာ ခါးကုန်းတာပြောင်ပြတဲ့ ရံရွှေတော်မလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့...အရှင်မြတ်တို့...
သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့
အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။ အပူဒဏ်သက်သာအောင် ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ
ငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
မြတ်စွာဘုရား၏ သာသနာတော် နှင့်တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။ ယခုသုတ္တန် အားကြည့်ခြင်းအားဖြင့် မကောင်းသော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာထိန်းသိမ်းကြရန်လိုပါသည်။

(စာရေးသူ-ညခင်း)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
“ ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Tuesday, 5 March 2013

ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး

ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!
ငါးမိနစ်အတွင်း ပဲ.... မင်း ခေါင်းကိုက်တာ သက်သာ သွားမှာ

နှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းဆိုတာ ရှိပါတယ်
ကျွန်တော်တို့ က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို့ နဲ့ ရှုထုတ်ဖို့ သုံးရပါတယ်
အမှန်တကယ်မှာတော့ .... သူတို့ က မတူကွဲပြားကြပါတယ်

သူတို့ ရဲ့ မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ်

နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ်
နှာခေါင်း ဘယ်ဘက်ပေါက် က လ(moon) ကို ကိုယ်စားပြုပါတယ်

ခေါင်းကိုက်နေစဉ်မှာ ...
ညာဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ဘယ်ဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ငါးမိနစ်ကြာ တဲ့ အခါ .... မင်း ခေါင်းကိုက် သက်သာတာကို တွေ့ ရပါလိမ့်မယ်

မင်း ပင်ပန်းနွမ်းနယ် တဲ့အခါမျိုးမှာတော့ ... ဒီ နည်းကို ပြောင်းပြန် သုံးကြည့်လိုက် ရုံပါပဲ...
ဘယ်ဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ညာဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ခဏ အကြာမှာ ..... မင်းစိတ်က Refresh တစ်ဖန် ပြန်လန်းဆန်း လာတာကို မင်း ...ခံစားရပါလိမ့်မယ်

နှာခေါင်း ညာဘက်ခြမ်းက အပူ နဲ့ သက်ဆိုင်ပါတယ် .... ဒါ့ကြောင့် အလွယ်တကူ အပူချိန်တက် နိုင်ပါတယ်
ဘယ်ဘက်ခြမ်းက အအေး နဲ့ သက်ဆိုင်ပါတယ်

အမျိုးသမီး အများစုက ဘယ်ဘက်နှာခေါင်း နဲ့  အသက်ရှုထုတ်လုပ်တာ များပါတယ်
ဒါ့ကြောင့် သူတို့ တွေ က အပူချိန်ကျ တာ၊ အေးကိုင်းတာ မြန်ပါတယ်
အမျိုးသား အများစုကတော့ အလုပ်လုပ်နေ စဉ်တွေ မှာ ....ညာဘက် နှာခေါင်း နဲ့ အသက်ရှုတာများပါတယ်

မင်းဒါကို သတိထားမိသလား ???? မင်း အိပ်ရာက နိုးလာရင်.... နှာခေါင်း ဘယ်ဘက်ခြမ်း နဲ့ အသက်ရှု ရတာ ပိုကောင်းသလဲ ?
ဘယ် လား ? ညာ လား ?

အကယ်လို့  ဘယ်ဘက်က ရှုရတာ ပို သက်တောင့်သက်သာ ရှိနေပြီး မင်းဟာ ပင်ပန်းနေ တယ်ဆိုပါတော့
ဒါဆိုရင် ..... မင်းရဲ့ ဘယ်နှာခေါင်း ကို ပိတ်ပြီး .... ညာ ဘက် နှာခေါင်း နဲ့  အသက် ရှုလိုက်ပါ
မင်း လျှင်မြန်စွာ လန်းဆန်း လာပါ လိမ့်မယ် ( ဒါက အိပ်ရာ ထထ ချင်း မလန်း မဆန်း ဖြစ်နေ တဲ့ သူတွေ အတွက် သင့်လျော်ပါ လိမ့်မယ် )

မင်း အဆက်မပြတ် ခေါင်းကိုက်တာတွေ ကို ခံစားဖူးလား ?
ဒီ အသက်ရှု ကုထုံး နဲ့  ကြိုးစားကြည့်လိုက် စမ်းပါ !!!!!!

ညာ နှာခေါင်းကို ပိတ်.... ဘယ် နှာခေါင်းနဲ့ ရှု
မင်းခေါင်းကိုက်တာ သက်သာသွား လိမ့်မယ်
ဒီ လေ့ ကျင့်ခန်းကို တစ်လ လောက် စွဲလုပ်ကြည့်ပါ

ဘာလို့  မလုပ်နိုင်ရမှာ လဲ ?
ဒါ သဘာဝ ကုထုံးလေ .... ဆေးဝါးကုသမှုတွေ မှ မပါတာ .... !!!!!!

Thursday, 28 February 2013

အရှင်ဆန္ဒာဓိကရဲ့  ဆုံးမစာလေးပါ

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊   ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲစိတ်ချမ်းသာအောင်နေတတ်ခြင်းဟာစိတ်ကျန်းမာရေးပါပဲ။

စိတ်ကျန်းမာရေးချို့ယွင်းသူတွေရဲ့အဓိကအားနည်းချက်ကတော့
၊အရာရာကိုနားလည်မှုခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ကောင်းတဲ့အချက်ကိုမရရအောင်

ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ 
စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်းမြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီးအချိန်ဆွဲမယ်ဆိုရင်မလုပ်ဖြစ်တော့ပဲလွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ်စိတ်ဓာတ်ကျတယ်ဆိုတာတစ်ကယ်တော့ လောကသဘာဝကိုမသိလို့သာဖြစ်တယ်။

လောကမှာဘယ်အရာမှကြာရှည်တည်တံ့တယ်ဆိုတာမရှိပါဘူး။
ရှုံးလို့စိတ်ဓာတ်ကျနေတာ၊နိုင်လို့သွေးနားထင်ရောက်နေတာ၊ 
အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။

တကယ်တော့ဘယ်အရာမဆို ရေပွက်ပမာပါပဲ။

 နိုင်ခြင်းနဲ့ရှုံးခြင်း၊ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းကပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။

တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ကြုံတွေ့ရင်တစ်ကိုယ်ရေတိတ်တိတ်လေးကျိတ်ကျိတ်မဆွေးပါနဲ့။

ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။
နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

အရှင်ဆန္ဒာဓိက

Credit To : We Love True

Sunday, 24 February 2013

တစ်ကိုယ်တည်း

၁။         ရယ်ပါ…တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်၊
ငိုရင်တော့ သင်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။

၂။         သီချင်းဆိုပါ…. တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်၊ သက်ပြင်းချရင်တော့ လေထဲမှာပျောက်သွားလိမ့်မယ်။

၃။         ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်၊
 သောကတွေ ဒုက္ခတွေကိုတော့ သူပြန်မကန်ပေးဘူး၊တွန့်ဆုတ်သွားလိမ့်မယ်။

၎။         ပျော်ပျော်ရွှင်ရွှင်နေပါ…လူတွေက သင့်ကိုတွေ့အောင် ရှာလိမ့်မယ်၊
ဝမ်းနည်းနေရင်တော့ သူတို့ ပြန်ထွက်သွားကြလိမ့်မယ်။

၅။         သူတို့က သင့်ရဲ့ပျော်ရွှင်မှုတွေအားလုံးကို အပြည့်အ၀လိုချင်တယ်၊
ဒါပေမဲ့ သင့်ရဲ့ဒုက္ခတွေကိုတော့သူတို့က လိုအပ်မှာ မဟုတ်ပါဘူး။

၆။         စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာမိတ်ဆွေတွေ အများကြီးပဲ၊
 စိတ်ဆင်းရဲနေရင်တော့သင့်မိတ်ဆွေတွေအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။

၇။         ပန်းဝတ်ရည်နဲ့လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမဲ့လူမရှိဘူး ၊ဒါပေမဲ့ ဘ၀သည်းချေရည်ကိုတော့သင်တစ်ယောက်တည်းပဲ သောက်ရလိမ့်မယ်။

၉။         စားပွဲသောက်ပွဲကြီးလုပ်ကြည့် သင့်အခန်းမှာ လူတွေပြည့်ကျပ်နေလိမ့်မယ်၊
ငတ်နေရင်တော့ ဘယ်သူမှလာမှာ မဟုတ်တော့ဘူး။

၁၀။      ပျော်ပွဲခမ်းမကြီးထဲမှာ လူအုပ်ကြီးတခမ်းတနား သွားနိုင်ဖို့အတွက် နေရာအကျယ်ကြီးရှိပါတယ်၊ ဒါပေမဲ့ဒုက္ခလမ်းကျဉ်းလေးထဲမှာတော့ တစ်ယောက်ချင်း တန်းစီပြီးတော့ သွားရလိမ့်မယ်၊ လက်တွဲသွားမယ်သူမရှိဘူး၊ အဖော်မရှိဘူး။  

၁၁။      အောင်မြင်အောင်လုပ်ပါ၊ ပေးပါကမ်းပါ၊အဲ့ဒါကသင့်ဘ၀ကိုအဆင်ပြေဖို့အထောက်အပံ့ဖြစ်လိမ့်မယ်၊
ဒါပေမဲ့ သေဖို့အရေးကိုတော့ ဘယ်သူကမှသင့်ကို အကူအညီ မပေးနိုင်ဘူး။

၁၂။      သင့်ဘ၀ကို ဘယ်လိုဖြစ်အောင် လုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။

၁၃။      အခုလို မှာလိုက်တာကိုလည်း သင် မေ့သွားအုံးမှာပါ။
                                                                                           ( မှတ်ထားမိသော စကားလေးများ )
 by Yoma Light Missionary on Monday, February 18, 2013 at 11:20pm ·

Saturday, 23 February 2013

အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ

ဖတ်ရတာရှည်တယ်ထင်လို့ မဖတ်ပဲမနေပါနဲ့
ဘဝအတွက် တန်ဖိုးအရှိဆုံး စကားလုံးတွေပါ
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ
*****************************************

အတွင်းအား ရှိဖို့လို

ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။
( ဆရာတော်ဦးဇောတိက )

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
( ဆရာတော်ဦးဇောတိက )

ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ

လူတွေမှာ အခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ် ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ကိုယ့်ဘာသာတရား

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုသဘောထားသလဲ
ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
ဘဝကို အလေးအနက် တန်ဖိုးထားမယ်။
ဘဝကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
သူလုပ်သမျှကို သူ့ကိုယ်ပိုင် ဉာဏ်နဲ့သူ စဉ်းစားပြီးတော့
သင့်တော်သလား၊ မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊
ကောင်းသလား၊ မကောင်းဘူးလား၊ ရိုးသားသလား၊ မရိုးသားဘူးလား
ဆိုတာကို သေသေချာချာ စဉ်းစားရတော့မယ်၊ မစဉ်းစားလို့ မဖြစ်ဘူး။
( ဆရာတော်ဦးဇောတိက )

အကျိုးပြုတဲ့ဘာသာတရား

လူရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ပိုတောင်မှ အရေးကြီးလာပြီ

ကလေးတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူဟာ စိတ်ထားရော၊ အသိဉာဏ်ရော
ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းရမယ်ခရီးမှာ ရင်ဆိုင်သွားရမယ်
အခက်အခဲတွေဟာ အင်မတန်များတယ်။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိ တော်တော်ကို လိုတယ်။
သတ္တိရှိအောင် ဆိုတာလည်း ကိုယ့်မိဘနဲ့ အသိုင်းအဝိုင်းကလည်း
အကူအညီ ပေးဖို့ အများကြီး လိုတယ်။
ဒါပေမယ် အခုခေတ်လို အလုပ်တွေ အင်မတန်များတဲ့ခေတ်၊
မိဘတွေမှာလည်းပဲ သောကတွေ အင်မတန်များနေတဲ့ခေတ်မှာ
ကလေးတစ်ယောက်ဟာ တကယ်စိတ်ဓာတ်ရင့်ကျက်တဲ့
လူကြီးတစ်ယောက် ဖြစ်လာဖို့ ပိုပြီးတော့ ခက်ခဲလာတယ်။
ပိုပြီးတော့ ခက်ခဲတဲ့အတွက် ပိုတောင်မှ အရေးကြီးလာတယ်။
( ဆရာတော်ဦးဇောတိက )

ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး
ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ
အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ပြီ ဆိုရင်

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့ သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )

ဥပဒေနဲ့ လွတ်လပ်မှု

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးတဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။
ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို
ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။
( ဆရာတော် ဦးဇောတိက )
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅)

ဥပဒေ ဆိုတာ

အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။

ဆရာတော်ဦးဇောတိက - လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )

အမြင့်ဆုံး ယဉ်ကျေးမှု

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ” - Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

Automatic Voltage Regulator

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

လူ့အသိုင်းအ၀ိုင်းကို ကောင်းစေချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးသူ

မိစ္ဆာဒိဋ္ဌိက အကုသိုလင်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာ အကောင်းဆုံး အရာဖြစ်တယ်။ မှားတဲ့အမြင်ပေါ်မှာ အခြေခံပြီးတော့ မှားတာတွေ တွေးမယ် မှားတာတွေ ပြောမယ်၊ မှားတာတွေ လုပ်မယ်။
ကုသိုလင်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၇၇)

ရေမြင့်မှကြာမြင့်

သူများက သိပ်နိမ့်နေပြီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်ထဲအတွက် ကွက်ပြီးတော့ တွေးလို့မရဘူး။ သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေတွေပါ ထည့်တွေးရမယ်။ ငါ့သားသမီးတွေရဲ့ သူငယ်ချင်းတွေပါ အဆင့်အတန်းမြင့်မှ ဖြစ်မယ်။ သူတို့အတွက်ပါ ငါတို့ ဝိုင်းစဉ်းစားရမယ်။ အဲဒီလို မိဘတိုင်းက ဝိုင်းပြီး စဉ်းစားလိုက်ရင် ဘယ်လိုနေမလဲ။ တော်တော် တိုးတက်လာမယ် နော်။

အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၁၀၁)

အိုင်စတိုင်းလ်ရဲ့ စိတ်ထား

A hundred times every day I remind myself that my inner and outer life depend on the labors of other men, living and dead, and that I must exert myself in order to give in the same measure as I have received and am still receiving. (Albert Einstein)

တစ်နေ့ကို အကြိမ်တစ်ရာလောက် ကျွန်တော့်ကိုယ်ကိုကျွန်တော် သတိပေးပါတယ်။ ငါ့ရဲ့ အတွင်းဘဝ (အသိဉာဏ်၊ ပညာ၊ စိတ်ထား၊ စိတ်ချမ်းသာမှု)နဲ့ အပြင်ဘဝ (နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ လုံခြုံရေး) နှစ်ခုလုံးဟာ အခု အသက်ရှင်နေတဲ့သူတွေနဲ့ ကွယ်လွန်သွားကြပြီးဖြစ်တဲ့ လူတွေရဲ့ အားထုတ်ဆောင်ရွက်မူပေါ်မှာ အခြေခံနေတယ်။ ငါဟာ သူတို့ဆီက ရခဲ့သလို ၊ ရနေသလိုပဲ ငါရခဲ့သလောက် ငါရနေသလောက် ပြန်ပေးဖို့ကို အားထုတ်ရမယ်။
( အိုင်စတိုင်းလ် ) - အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၆၈)

the eXistence မှ ဆရာတော်ဦးဇောတိက ရေးသားပြုစုထားသော
အသက်ရှင်နေလျက် ဘဝသေနေသူ 
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ
နှင့် ဘာကိုတန်ဖိုးထားရမလဲ 
စာအုပ် မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

World Of Wisdom
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ
******************************
***********

Sunday, 17 February 2013

အတုယူ မမှားစေချင် အပိုင်း (၁)

အတုယူ မမှားစေချင် အပိုင်း (၁)

ယနေ့ခေတ် မြန်မာမိန်းကလေးများ အတုယူမှားပြီး ပျက်စီးနေတာတွေ၊ ငွေကြေးဥစ္စာ မက်မောမှုကြောင့် ပျက်စီးနေတာတွေ၊ အသိပညာနည်းပါးမှု၊ ခံယူချက်စိတ်ဓာတ် မပြတ်သားမှုကြောင့် ပျက်စီးနေတာတွေအကြောင်း တစ်ယောက်သော မိန်းကလေးဆီကနေ ကြားသိလိုက်ရတဲ့အခါ ရင်ထဲမှာ စိတ်မကောင်းဖြစ်ပြီး အိပ်မရအောင် ကိုယ့်လူမျိုးမြန်မာတွေအတွက် ခံစားမိရလို့ ငါတက်နိုင်တဲ့ ပညာပေးစာပေ ရေးသားခြင်းနဲ့ အသိပေးရမယ်၊ လိုက်နာတာ မလိုက်နာတာ စာဖတ်တာ မဖတ်တာက သူတို့အပိုင်းပဲလို့တွေးပြီး ရေးသားတင်ပြပေးလိုက်ပါတယ်။

လူငယ်တွေဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘောပေါက်လွယ်နေကြတာကြောင့် သူတစ်ပါးက ဒါဟာ ကောင်းတယ်ဆိုရင် အဲဒါကို လိုက်လုပ်တတ်ကြပါတယ်။ ဥပမာ-ပိုက်ဆံရှိတဲ့လူတွေနဲ့ တွဲသွားတွဲလာ လုပ်ရတာ၊ သီချင်းဆို ဖျော်ဖြေပေးရတာ၊ အတူအိပ်ပေးရတာတွေဟာ ဘာမှမဖြစ်ဘူး။ ငွေအလွယ်တကူရတယ်ဆိုပြီး သူများပြောတိုင်း အဟုတ်မှတ်ကာ လိုက်လုပ်တတ်ကြတယ်။

သူများပြောတိုင်း အဟုတ်မှတ်ပြီး လိုက်လုပ်နေမယ်ဆိုရင် ဦးဇင်းလည်း သာသနာ့ဘောင် ရှိနေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အိမ်ထောင်ပြုတာဟာ ကောင်းတယ်လို့ ပြောဆိုနေကြတဲ့ခေတ်၊ သတ္တ၀ါမှန်သမျှ အကောင်းဆုံးလို့ ထင်မြင်ယူဆနေတာကို လိုက်လုပ်မယ်ဆိုရင် သာသနာ့ဘောင် ဘယ်ရှိမလဲနော်။ သူများလို တစ်ယောက်နှစ်ယောက်ပြောတာကို လက်ခံတာမဟုတ်ဘဲနဲ့ အများနဲ့ပါ ဆန့်ကျင်ပြီး နေနေတာဟာ ကိုယ်တိုင်အသိဉာဏ်သုံးတတ်လို့ပါ။ ခု ကြားရတဲ့သတင်းတွေအရ မိန်းကလေးများပျက်စီးနေခြင်းဟာ သူများနောက် အတုယူမှားတာလည်းပါတယ်၊ ကိုယ်တိုင်အသိဉာဏ်နည်းပါးပြီး စဉ်းစားချင့်ချိန်တွေးတောမှုမရှိဘဲ ဘ၀ကို ဖြစ်သလို တွေးတောကာ လျှောက်လှမ်းနေကြလို့ပါ။ အသိဉာဏ်ရှိတဲ့လူဆိုတာ ဘ၀ကို မျက်မှောက်ဘ၀ တခဏတာအတွက်ပဲ မစဉ်းစားရပါဘူး။ သံသရာတစ်လျှောက်လုံး ကြုံတွေ့ဖြတ်သန်းရမဲ့ဘ၀တွေအတွက်ပါ စဉ်းစားလုပ်ကိုင် ဖြတ်သန်းပါမှ လူပီသမှာပါ။

ခုခေတ်လူတွေက အဲဒီလို မလုပ်ဆောင်တာကြောင့် လူပီသသူနည်းပါးနေတယ်လို့ ပြောနိုင်ပါတယ်။ မိဘတွေက ကိုယ့်သားသမီး မကောင်းတဲ့အလုပ်ဖြင့် ငွေရှာနေတာကို မတားမြစ်ဘဲနဲ့ အားပေးနေမယ်ဆို အဲဒီမိဘဟာ သူတော်ကောင်းမိဘ မဟုတ်ပါပေ။ အဲဒီလိုပဲ သားသမီးကလည်း မကောင်းတာလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုရင် သားသမီးကောင်း မဟုတ်ပါ။ မကောင်းတာလုပ်ကျွေးမှ အသက်ရှင်မယ်ဆိုရင် အစားငတ်ခံ သေလိုက်တာမှ သားသမီးကောင်း မိဘကောင်းများဖြစ်ပါဦးမယ်။

သီဟိုဠ်မှာ သူတော်ကောင်းအဖြစ် ထင်ရှားခဲ့တဲ့ မဟာစက္က၊ စူဠစက္ကညီအကိုနှစ်ယောက်ဟာ သူတစ်ပါးအသက် သတ်ပြီးမှ မိဘရောဂါပျောက်မဲ့အခြေအနေကို ရောက်နေပေမဲ့ သမင်သားမိရဲ့အသက်ကို သတ်ပြီးမှ မိဘကိုကယ်တယ်နိုင်မယ်၊ ကျေးဇူးဆပ်နိုင်မယ်ဆိုတာ သဘာဝမကျဘူးဆိုပြီး တိရစ္ဆာန်သတ်ခြင်း မကောင်းမှုလေးကိုတောင် မိဘအတွက် မလုပ်ခဲ့တဲ့ သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်ကို အတုယူသင့်ပါပေတယ်။

မြတ်ဗုဒ္ဓကလည်း မိဘကျေးဇူးကို မကောင်းမှုလုပ်ပြီး ကျေးဇူးဆပ်သူကို ချီးကျုးလိမ့်မည် မဟုတ်ပါပေ။ ဒါကြောင့် တချို့သောမိန်းကလေးများက မိဘအတွက် ဘ၀နဲ့ရင်းပြီး မကောင်းတဲ့အလုပ် လုပ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်ဟာ သဘာဝမကျဘူးဆိုတာကို သတိလေး အသိဉာဏ်လေး ရှိကြပါလေ။ ကိုယ့်မိဘအတွက် မကောင်းမှုလုပ်မှ အသက်ရှင်ရမယ်ဆို ကိုယ့်ရောမိဘပါ အစာငတ်ခံသေခြင်းက သံသရာအတွက် ကောင်းကျိုးတွေ ဖြစ်နေမှာပါ။ တကယ်စဉ်းစားကြည့်ရင် မကောင်းမှုလုပ်လို့ရတဲ့ အစားစာ၊ ကာမဂုဏ်တွေဟာ မျက်မှောက်မှာ တခဏပဲခံစားရပြီး သံသရာမှာ ဒုက္ခဆင်းရဲတွေ အများကြီးပေးဆပ်ရမှာမို့ မထိုက်တန်ပါ။

မိန်းမပျော်လုပ်ရတဲ့အလုပ်ဟာ သာမာန်အားဖြင့်ကြည့်ရင် မကောင်းမှုနည်းတယ်လို့ ထင်ရပေမဲ့ ခွဲခြားဝေဖန်ကြည့်လိုက်ရင် သူတစ်ပါးပစ္စည်းကို အလွယ်လိုချင်ခြင်း ၀ိသမလောဘ၊ သူတစ်ပါးအိမ်ထောင်ရေးထိခိုက်နိုင်ခြင်းအပြစ်၊ ကာမေသုမိစ္ဆာစာရကံစတဲ့ မကောင်းမှုအပြစ်တွေ မိမိပေါ်မှာ ဆိုက်ရောက်နေတယ်ဆိုတာ သတိရှိစေချင်တယ်။ ဒီထက်မက လူမျိုးဘာသာအတွက်ပါ ဆုံးရှုံးရတဲ့အခြေနေထိ ဖြစ်သွားရင်တော့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာပါ ထိခိုက်အောင် လုပ်လိုက်တာမို့ မျိုးရိုးစဉ်ဆက်ဂုဏ်ပါ ဖျက်ဆီးခြင်းအပြစ်များစွာ ကျရောက်သွားပါပြီ။

မိမိတို့ လူမျိုးဘာသာဝင်တွေကလည်း ပိုက်ဆံရှိရင် ကိုယ့်အချင်းချင်း ထိန်းသိမ်းကာကွယ်ပေးရပါမယ်။ ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်၊ ဘယ်သူမှ ထည့်တွက်မနေဘူးဆိုတာမျိုးတွေ မလုပ်သင့်ပါ။ ဥပမာ-ကိုယ်က ပိုက်ဆံချမ်းသာလို့ ပျော်တော်ဆက်တွေ၊ နိုက်ကလပ်တွေသွားပြီး ပျော်ပါးမယ်ဆိုရင်တောင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ သူများနောက်မပါအောင် ကိုယ်ကသိမ်းသွင်းခေါ်နိုင်သမျှ လုပ်ပေးမှသာ အနာဂတ် မိမိတို့လူမျိုးဘာသာဝင်တွေ ဆက်လက်တည်တံ့နိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူဘာဖြစ်ဖြစ် ငါ့မထိခိုက်ရင် ပြီးရောဆိုသူတွေ များလာရင်တော့ မကြာမီ လူမျိုးဘာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အပိုင်း (၂)ကို ဆက်လက်ရှု့စားကြပါရန်

အရှင်ကောမလ ဆန်နီနေမင်း

Friday, 15 February 2013

ကိုယ့်ကိုယ်ကို အနိုင်ယူနည်း

ကိုယ့်ကိုယ်ကို အနိုင်ယူနည်း
******************

၁။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။

၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။

၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။

၎။ မိမိတို့ရဲ့ သူတစ်ပါးအpပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့်အနိုင်ယူပါ။

၅။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့်အနိုင်ယူပါ။

၆။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။

၇။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့်အနိုင်ယူပါ။

၈။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။

၉။ မိမိတို့ရဲ့ မနောကံအကုသိုလ်များကို ဝစီကံကုသိုလ်များဖြင့်အနိုင်ယူပါ။

၁၀။ မိမိတို့ရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင် မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။

( ချမ်းအေးဆရာတော် )
..........................

the eXistence မှ အရှင်ဝိစိတ္တသာရ ပြုစုထားသော “ တရားလက်ဆောင် ” စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
World Of Wisdom

Myawady News