အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, 17 September 2012

တို့တိုင်းပြည်

ကြိုက်နှစ်သက်တဲ့ ကဗျာတွေထဲမှာ ဆရာဇော်ဂျီရဲ့ ဒီကဗျာလဲပါပါတယ် ကြိုက်နှစ်သက်သည်အတွက် တင်ပေးလိုက်ပါတယ်


ထလော့မြန်မာ၊ အိုမြန်မာတို့ 

တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်

စေတီစပါး၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျှက်

မစားလေရ၊ ၀မ်းမ၀၍

ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 

တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပျား၊ များလည်းများ၏

များပါလေလည်း၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရ၍

တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊

အားမပျော့နှင့်၊ မလျော့လုံ့ လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်

စွမ်းဆောင်ကြလေ

ဤမြေဤရွာ ဘယ်သူ့ ရွာလဲ

ဤယာစပါး၊ ဘယ်သူ့ စပါးလဲ

ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။

(ဆရာဇော်ဂျီ)


Sunday, 16 September 2012

''ကျေးဇူးတင်ပါတယ်...''

 
 
 
 
 
 
 
ရှင်သန်ခွင့်ရတဲ့  အချိန်တိုင်းကို..

ကျေးဇူးတင်နေမိပါတယ်..။

ချစ်မြတ်နိုးခွင့်ပေးတဲ့ .ချစ်သူတွေကိုလည်း..

ကျေးဇူးတင်ပါတယ်..။

ရင့် ကျက်ခွင့်ပေးတဲ့ ရန်သူကိုလည်း..

ကျေးဇူးတင်မိပါတယ်...။

ကိုယ့် ကို..ပိုအစွမ်းထက်မြက်စေတဲ့ ..

ပြိုင်ဖက်ကိုလည်း..

ကျေးဇူးတင်မိပြန်ပါတယ်...။
 လွန်းထားထား(ဆေးတက္ကသိုလ်) 

လွန်းထားထားရဲ့ ကဗျာလေးကို ကြိုက်လို့ ဆရာမရဲ့ဆိုက်ကနေ တဆင့် ကူးယူဖော်ပြပါတယ်ရှင်

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ



မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ
မောင်စွမ်းရည်၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

အမှန်တရားက
မိန်းမသားကို
အားဖြစ်စေအံ့။
မိန်းမတယောက်
လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်
မကြောက်မရွံ့ နောက်မတွန့်ဘဲ
အံကိုခဲ၍ ရဲကို အာခံ
သည်အားမာန်ဟာ
သူ့ထံ ဘယ်လို ရောက်သလဲ။
အမှန်တရားက
မိန်းမသားကို
အားဖြစ်စေပြီ။
လယ်သမားက
ရွှေသားမလို၊ ကြေးပြားမလို
မြေကိုပေးပါ
မြေသာ ဘဝ
မြေက ဆီဆန်
ရာသက်ပန်ပဲ
ကျည်ဆံမလို
ဆီ ဆန်လိုတယ်
မြေကို မသိမ်းကြပါနဲ့။
ကြေးနီတောင်ကို
သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို
လူကိုဖြိုလို့ ပြိုမကျနိုင်။
ကြေးနီတောင်က
ကြေးတွေရလို့
ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း
စစ်ဗိုလ်မယား
နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်
လယ်သမားမယား
ခါးစီး ဗိုက်မှောက် သဘောက်ဘဝ
လုံးဝမလွတ်
ဘောင်းဘီချွတ်လည်း မချွတ်သေနတ်
စစ်တပ်နောက်ခံ ပါလီမန်ဟာ
စစ်အလံလွှင့်ဆဲ
ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။
သစ်ကိုလည်း ရောင်း
ကျောက်မျက်ရောင်းခဲ့
မြစ်ကိုလည်း ရောင်း
တောင်ကို ရောင်းပြန်
ရောင်းရန် ငွေက
ဘယ်လောက်ရလို့ ဘယ်သူယူ
ဘယ်မူသုံးမလဲ
ရဲရဲဖြေပါ
သည်မြေမဟီ
သက်သေတည်အံ့
ဒီမိုကရေစီတခါး ပွင့်စေသား။      ။
(၂၀၁၂၊ စက်တင်ဘာ ၁၂)

Mowmakha Burmese Community News and Nedia မှ ကြိုက်နှစ်သက်လို့ ကူးယူဖော်ပြပါတယ်ရှင်