သင်္ကြန်နွေဦး တူးပို့တူးပို့…………..သင်္ကြန်မဏ္ဍပ်တစ်ခု၌ ကြားလိုက်ရသောသီချင်းသည်နားသို့
တစိမ့်စိမ့်ဝင်ပြီး ကလေးဘဝပျော်ပါးမြူးတူးခဲ့သည့် သင်္ကြန်တစ်ခုဆီသို့ ပြန်လည်ရောက်ရှိပြီး လွမ်းဆွတ်
တမ်းတမိသည်။
မြနန္ဒာနေညိုညိုရစ်ခါသန်းတော့ရွှေမန်းတောင်ရိပ်…………နောက်မဏ္ဍပ်သို့အရောက်တွင်နောက်ထပ်
အလွမ်းတစ်ခု ကို ထပ်မံရရှိလိုက်ပြီး မဏ္ဍပ်အနီးရှိ ကခုန်နေသူများနှင့် ရောနှော ဝင်ကလိုက်သည်။ခွက်စုပ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ..........သင်္ကြန် ကားတစ်စီးပေါ်မှ အော်ဟစ်မြူးတူး၍ ရေလောင်းသွားကြသည်။ ဟေး ဟု အော် သွားကြ၍ ဟေး ဟု ပြန်အော်လိုက်သည်။ အဲ့ဒိ အော်ချလိုက်သည့် ဟေး ဟူသော အသံတစ်ချက်သည် တစ်နှစ်မှာ တစ်ခါအော်ရခဲသော ဟေး ဖြစ်ခြင်းကြောင့် ကမ္ဘာကျော် လူရွှင်တော်တို့၏ ပြက်လုံးကြောင့် ဟား ဟား ဟား ဟု ဟက်ဟက်ပက်ပက်ရယ်လိုက်ရခြင်းထက် နှလုံးသားထဲသို့ အဆပေါင်းများစွာ ပိုမိုစိမ့်ဝင်ခဲ့ရသည်။
ဟေ့...ဒီမှာ မုန့်လုံးရေပေါ်ကြွေးနေတယ် ဟေ့... စားသွားကြပါဦး.. .မြန်မာ့ရိုးယဉ်ကျေးမှုအတာသင်္ကြန်မှာ မြန်မာဆန်ဆန်ဝတ်ဆင်ထားသော မြန်မာမလေး က မြန်မာ့ထုံးစံအတိုင်း ယဉ်ယဉ်ကျေးကျေးလေးဖြင့် မြန်မာ အစားအစာကို ခေါ်ကြွေးနေ၍ အားရပါးရဝင်တုတ်လိုက်သည်။
ကံကောင်းချင်တော့ ငရုတ်သီးပါသော မုန့်ကို ပထမဆုံး စားမိသည်။ငရုတ်သီးသည် မုန့် လုံးရေပေါ် အလုံးတစ်ရာတွင် တစ်လုံးမှာ ပါခဲပေခြင်းဖြစ်သောကြောင့် ကံကောင်းသည် ဟုလက္ခံလိုက်ဖြင်းဖြစ်သည်။
ငရုတ်သီး စားသော် မစပ်လော၊ အချိုစားသော် မပျောက်လော..ဟူသည့် လောဆေးကျမ်းနဲ့အညီ
ထန်းလျှက်ပါသော နောက်အလုံးများကို ခပ်သွက်သွက်လေး စားပေးလိုက်သည်။ မုန့်ထဲသို့ငရုတ်သီထည့်ခြင်းမှာ တမင်ဒုက္ခရောက်စေလို၍ ထည့်ခြင်း မဟုတ်ဘဲ စနောက် ပျော်ရွှင်လို၍ ထည့်ကြခြင်းမဟုတ်ပါလော။ ၄င်း ငရုတ်သီးကို တစ်ယောက်ယောက်က စားမိ၍ စပ်သွားကြလျှင်လည်း ၄င်း၏ ငရုတ်သီးစပ်သွားသည့် ဟန်ကိုကြည့်ပြီး ပျော်ရွှင်တတ်ကြသည်။ စားမိသူများကလည်း ငရုတ်သီးကိုစားမိ၍ စိတ်ဆိုးသွားသည် ဟူ၍မရှိကြ။ ၄င်းသည်ပင် ချစ်စရာဓလေ့လေးတစ်ခုဖြစ်နေသည် ဟုခံစားမိသည်။
ထို့ကြောင့် မဏ္ဍပ်အနီး၌ မုန့်လုံးနေသော သူများမြင်အောင် တရှူးရှူးတရှဲရှဲ လုပ်ပြလိုက်သည်။ စပ်နေသည်ကို မြင်၍ကြိတ်ရယ်နေသော မိန်းမပျိုလေးများကိုကြည့်၍ ပီတိဖြစ်ခဲ့သည်။
မြူးကိုမြူးမယ်..ဒီသင်္ကြန်အချိန်ခါမယ်…….နောက်မဏ္ဍပ်တစ်ခု၌ကြားလိုက်ရခြင်းဖြစ်သည်။ ခပ်ရိုးရိုး
မဏ္ဍပ်လေးတွေကြောင့် ကြည်နူးစရာလေးတွေ့ ခဲ့ရသလို ခပ်ဆန်းဆန်း မဏ္ဍပ်လေး တွေကြောင့်လဲမြူးကြွခဲ့ရသည်။ ထို့ကြောင့် သင်္ကြန်ကို ဘယ်လိုပုံစံနဲ့ပဲတွေ့တွေ့...... တွေ့နေရရင်.. .ပြီးရော သင်္ကြန်ရေ.... ကဲနေရရင်ပဲေ ကျနပ်တယ်...ပက်လိုက်စမ်းပါ.... ရှေ့ကဟန်နီ...မပက်ရင်တော့ ငါစိတ်ဆိုးမယ်.. မင်းပက်မဲ့.
.လောင်းရေကိုငံ့လင့်လို့.............အသဲလေးအေးအောင်....ငါ့ကိုလာပက်တော့ ...စသည် စသည် ခံစားချက်များအား နာမည်ကြီး သီချင်းတပုဒ်၏ သံစဉ်ဖြင့် ပြောင်းလဲသီဆိုလိုက်မိသည်။
မဏ္ဍာပ်ပေါင်းများစွာ လျှောက်လာခဲ့၍ ဗိုက်လဲ အတော်လေး ဆာလောင်လာသည်။ အဝတ်အစားများ အားလုံး စိုရွှဲနေ၍ အတော်လေးလဲ ချမ်းစိမ့်လာသည်။ ဘာလုပ်ရရင် ကောင်းမလဲ ဟုတွေးပြီး အိပ်ကပ်ထဲရှိ ငွေသားအချို့ကို ထုတ်ရေကြည့်လိုက်သည်။ ငါးဆယ်တန် လေးရွက်။ ဒီနှစ်ရာနှင့် ထမင်းစားလို့မဖြစ်သေး။ စားလို့လဲလောက်မည်မဟုတ်။ ထို့ကြောင့် အနီးစပ်ဆုံး အရက်ဆိုင် တစ်ဆိုင်ကိုလိုက်ရှာကြည့်လိုက်သည်။ မတွေ့...မတွေ့။ မကျွမ်းကျင်သော နယ်မြေဖြစ်နေ၍လည်း အခက်တွေ့နေသည်။ အရက်ဆိုင်ဘယ်နားမှာ ရှိလဲ ဟု သူများကို သွားမေးရအောင်ကလည်း ရှက်စရာကြီး ဟုတွေးမိ၍ ဆက်လျှောက်လာရင်း နှင့်ပင် လမ်းဘေးပတ်ပတ်လည် သို့ မသိမသာ ရှာဖွေ့ကြည့်ခဲ့သည်။ နေအပူချိန် ကလည်း တဖြည်းဖြည်း မြင့်လာသည်။ ရေကစားသူ များလဲ ကြဲလာသည်။ ဗိုက်ဆာသည့် ဒါဏ်ကိုခံနိုင်သည်။ ချမ်းသည့်ဒါဏ်ကို ဘယ်လိုမှ မခံနိုင်တော့။ လေကလည်း ခတ်ကြမ်းကြမ်း တိုက်ခတ်လာ၍ ပိုဆိုးလာသည်။ နေရောင်ခြည်၏ အပူချိန်ဖြင့် မလုံလောက်သဖြင့် ခုန်လိုက် ပြေးလိုက် လုပ်နေလိုက်သည်။ အချမ်းတော့ ပြေသွားသည်။ သို့သော် ဗိုက်ပြန်ဆာလာသည်။ ထိုစ ဉ်ေ ဘးနား သို့ ကားတစ်စီးထိုးရပ်လာပြီး ဘယ်လိုလဲ ဘော်ဒါကြီး ဟုမေးသည်။ ဘာပြန်ပြောရမှန်းမသိ၍ ကြောင်၍ကြည့်လိုက်မိ သည်။ ကားနောက်ခန်းတွင် ယောက်ျားလေး လေးယောက် နှင့် မိန်းကလေး တစ်ယောက်ပါလာသည်။ယောက်ျားလေး နှစ်ယောက်က မိန်းကလေးကို ဘယ်တစ်ယောက် ညာတစ်ယောက် ဖက်ထားကြသည်။ ငါးယောက် စလုံး မူးနေကြမှန်း သိသာသည်။ မိန်းကလေးက ပိုမူးနေပုံရသည်။ မျက်လုံးတောင်မဖွင့်နိုင်တော့။ ထိုမိန်းကလေးကပင် မျက်လုံးမဖွင့်ပဲ ကုန်းထလာ၍ ဟေ့ကောင်တွေ ဘာလုပ်နေကြတာလဲ မောင်းလေကွာ ဟုပြော၏။ မတ်တတ်ရပ်နေသော ယောက်ျားလေး နှစ်ယောက် က အလိုက်သင့် ဝိုင်းထူပေးပြီး ဘယ်တစ်ဘက် ညာတစ်ဘက် ဝိုင်းနမ်း လိုက်ပြန်သည်။ ၄င်းမြင်ကွင်းကို ကြည့်ပြီးမျက်လုံးပြူး သွားမိသည်။ သို့သော် မသိဟန်ပြု၍ ဆက်လျှောက်ရန် ပြင်လိုက်သည်။ ၄င်းတို့ထဲမှ တစ်ယောက်က ဟေ့ ဟေ့ ဘော်ဒါကြီး ခဏနေဦး.. ကျုပ်တို့မှာ အရက်ပါတယ်
ခင်ဗျားကြီးလဲ ချမ်းနေပုံရတယ် ဝယ်လိုက်ပါလား ငါးရာဖိုးလောက်… ဟုလှမ်းအော်ပြောသည်။
ငါးရာ တော့မပါဘူး နှစ်ရာ ဘဲပါတယ် နှစ်ရာဖိုး ရောင်းခဲ့ပါလားဟု
မပြောဖြစ်လိုက်ပါ။ နေ .. နေ ပါစေ ညီလေး ကိုယ်မသောက်တတ်ဘူး. ဟုသာပြောလိုက်သည်။သူတို့ကို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အတော်လေး အချမ်းပြေသွားသည့် အပြင်ငါ့ညီလေးတွေ ငါ့ညီမလေးတွေ သာဆိုရင် ဆိုတဲ့ အတွေးကြောင့် ချွေးသီးချွေးပေါက် များပါ ထွက်ပြူ စပြုလာ၏။စကား လဲ ဆက်မပြောချင်တော့၍ ဆက်လျှောက်သွားမည် အပြုတွင် မိန်းကလေးမှ ဟေ့ လူကြီးနေပါဦး ဒီက မေးထားတာလေး ကို ဖြေပါဦး အရက်ဝယ်မှာလား မဝယ်ဘူးလား… ဟုလှမ်းအော်
ပြော၏။ သူတို့ကိုကြည့်ရသည်မှာ ငွေလိုနေပုံရသည် ဟု တွက်မိလိုက်၍ အရက်တော့မဝယ်ပါရစေနဲ့ကွာ ငွေလိုနေရင်လဲ ပါလာတဲ့နှစ်ရာကိုသာ ယူသွားကြပေတော့ ဟု ပြောမည်ကြံပြီးမှ ဘာရယ်ကြောင့်မသိ……ပိုက်ဆံ မပါ လို့ပါ ငါညီတို့ရာ ပါရင်ဝယ်ပါတယ် ဟု သူတို့ဘာမှ ဆက်မပြောခင်ကိုယ်က ဦးအောင်လှမ်းပြောလိုက်သည်။ မလိမ်ချင်သော်လည်း လိမ်ဖြစ်အောင် လိမ်လိုက်ပါသည်။ ဝယ်….ဝူး…ပေါင်ချိန် ဇာတ်လမ်းထဲက အတိုင်း ပြိုင်တူ အော်လိုက်ကြ၍ ကားသမားမှ စက်နှိုးပြီး ထွက်သွားပါလေတော့သည်။
နေကလဲ ခြစ်ခြစ်တောက် ပူလောင်နေပြီး လေကလဲ အတန်ငယ် ခပ်ကြမ်းကြမ်းလေး ဖြစ်နေ၍
အဝတ်အစား များလဲ ခြောက်သွေ့ သွားသည်။ အဝတ်အစား ထူထူ ထပ်ထပ်များသာ ဝတ်နေရသည်ကများ၍ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသော ယခုအခါ၌ နေရထိုင်ရတာ အတော်လေး ပေါ့ပါးနေသည်။သင်္ကြန် ထမင်း သင်္ကြန် ဟင်းများကြွေးမွေးနေပါတယ်.. ရောက်ရာအရပ်မှ ကြားသမျှ လူများအားလုံးလာရောက် စားသုံးကြပါ.. အလှူရှင်၏ စေတနာ သဒ္ဓါတရားကြောင့် တမနက်ခင်းလုံး ကြွေးမွေးသော်လည်း မကုန်နိုင်မခန်းနိုင်ဖြစ်နေပါသေးတယ်..ခပ်မြန်မြန်ခပ်သွက်သွက်လေးလာကြပါ… နေ့လည်နှစ်နာရီကျော်

လျှင် သင်္ကြန်မဏ္ဍပ် အတွက်ပြန်လည် စီစဉ်ရတော့မှာမို့ ဧည့်ခံမဲ့သူများရှိတော့မှာမဟုတ်ပါဘူး…
လာထားမယ်.. ခပ်သွက်သွက်လေး.. ခပ်သွက်သွက်လေး….. လူငယ်တစ်ဦးမှ ခပ်ရွှင်ရွှင် ခပ်ပြပြ ဖွဲ့နွဲ့မှုကင်းကင်းဖြင့် သင်္ကြန်ထမင်း သင်္ကြန်ဟင်း များကို လာရောက် သုံးဆောင်ကြရန် ဆော်အောနေခြင်းဖြစ်သည်။ ထိုအသံကို ကြားလိုက်ရ၍ ဝမ်းသာသွားသည်။ အသံသည် အရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာလာခြင်းဖြစ်၍ ခပ်သွက်သွက်လေး ဆက်လျှောက် သွားလိုက်သည်။ ဗိုက်ကလဲစာ၊ ရိုးရာအစားအအသောက်များ နှင့် ကင်းကွာနေသည်မှာလဲ ကြာနေပြီမို့ အစွမ်းရှိသမျှ အသားကုန် တီးပြစ်လိုက်သည်။ဘုန်းကြီးကျောင်း အတွင်း၌ ကြွေးမွေးနေခြင်း ဖြစ်၍ နောက်မှီးပါးနေပြီဖြစ်သော မြင်းကြယ်ဖိနပ်လေးကိုလဲ ခါးကြား ထိုးထား လိုက်သေးသည်။ အာဟာရ သိဒ္ဓိ္ဓများလဲ ပြီးပြည့်စုံ သွားပြီမို့ လက်ကိုဝတ်ထားသောပုဆိုးကြမ်းလေး နှင့် သုတ်ပြီး သစ်ပင်ကြီး တစ်ပင်အောက်တွင် ထိုင်ပြီး သွားကြား ထိုး နေလိုက်သည်။နေကလဲ အတော်လေး ပူနေသွေး၍ စိတ်ရှိလက်ရှိ ထိုင်ပြီး အနားယူ လိုက်သည်။ ထိုနောက် ၄င်းဘုန်းကြီး ကျောင်း အ နီးရှိ မဏ္ဍပ်တွင် ခဏတာ ကစား ၍ မြို့ထဲ လူစည်ကားရာဘက်သို့ ဆက်လျှောက်လာခဲ့သည်။
ရွယ်တူနဲ့ မတိမ်းမယိမ်း ဟုထင်ရသည့် ခပ်သန့်သန့် ခပ်ချောချော မိန်းကလေး လေးငါးယောက်
က ရေခွက် ကိုယ်စီ ကိုင်၍ ပြေးလာကြသဖြင့် လောင်းရင် လောင်းကြပါစေတော့ ဟု တွေးပြီး
မသိချင် ဟန်ဆောင်ကာ သူတို့ လောင်းမည့် အချိန်ကို စောင့်ရင်း ခပ်ဖြည်းဖြည်း ခပ်မှန် မှ န်လေးေ လျှာက်နေလိုက်သည်။ ငါ့ကို လောင်းချင်တဲ့သူ လဲရှိပါသေးတယ် ဟားဟား အားငယ်စရာ မလိုဘူးကွ ဟု ကိုယ့်ကိုယ်ကို ပြန်လည် အားပေးရင်း ပီတိလေးများ ကြိတ်ပြီး ဖြစ်ခဲ့ရ သည်။ သို့သော် ငနဲမ များက အဝေးမှ လာနေသော ဆိုင်ကယ် အားလောင်းရန် စောင့်မှန်း သိလိုက်ရ၍ အောင့်သက်သက်ဖြစ်ကာဆက်လျှောက်လာခဲ့သည်။
လူစည်ကားလွန်းသောကြောင့် ကားလမ်းများပင်ပိတ်နေသော မဏ္ဍပ်ကြီးတစ်ခုကိုအဝေးမှလှမ်းမြင်
လိုက်ရ၍ စိတ်ဝင်တစားဖြစ်ပြီး နီးသည်ထက်နီးအောင်တိုးသွားလိုက်သည်။ ဟာ….Lady Gaga ပါလားဟု
စိတ်ထဲမှ ရေရွတ်မိရင်း ဒါကြောင့် စည်ကားနေတာပါလား ဟုလဲ တွေးလိုက်သည်။ စတိတ်
စင်ရှေ့ တည့်တည့် သို့ ရောက်အောင် ကြိုးစားပြီး သွားလိုက်သည်။ Lady Gaga က Paparazi သီချင်း ကိုဆိုနေသည်။ မိမိထံသို့ လက်ညှိုးတထိုးထိုး နှင့်ဆိုနေခြင်းဖြစ်၍ ပိုမိုမြူးကြွမိသည်။ ထို့နောက်၎င်း အဆိုတော်မလေး မှာ စင်ပေါ်သို့ တက်ခဲ့ရန် လက်ယပ် ခေါ်လေ၏။ သို့သော် သူများပျော်လို့မပျော်နိုင် ဝါးရင်းတုတ် ပိုက်လို့ထိုင် ဆိုသည့်အတိုင်း ဝါးရင်းတုတ် ကိုယ်စီကိုင်ထားကြသော လုံခြုံရေးဆိုသူများကိုလဲ ကြောက်ရသေးသဖြင့် လက်ပြန်ပြရုံမှတပါး ဘာမျှမတတ်နိုင်ခဲ့။ စင်ပေါ်သို့တက်ပြီး Lady Gaga နှင့် တွဲက လိုက်ချင်သည့် စိတ်များက တဖွားဖွားပေါ်ပေါက်။ ထိုစဉ် အဆိုတော်မလေးမှ မိမိ၏ နှလုံးအိမ်၌ ဖြစ်သော ခံစားချက်များကို ထုတ်ချင်းဖေါက် ထိုးထွင်း သိမြင်နေသည့်အလား လုံခြုံရေး ဆိုသူ များအား ဘေးဖယ်ခိုင်း၍ မိမိလက်အား လှမ်းဆွဲပြီး စင်ပေါ်သို့ တက်ခဲ့စေ၏။ ဘေးနားရှိလူများကလဲ မင်းကံကောင်းတယ် တက်သာတက်သွားကွာ ဟူသော သဘောဖြင့် ဝိုင်းပြီး တွန်းတင်ပေးကြသောကြောင့် စင်ပေါ်သို့လွှားခနဲ ခုန်တက် သွားလိုက်သည်။ ထို့နောက် အဆိုတော်က BadRomance ဟူသော သီချင်း နောက်တစ်ပုဒ်ကို ပြောင်းဆိုသည်။ မိမိကိုလဲ လိုက်ကဖို့ ပြော၍ အပျော်ကြီး ပျော်ပြီး ခန္ဓ္ဓာကိုယ် တစ်ခုလုံးရှိ သုံးဆယ့်နှစ်ကောဋ္ဌာသ လုံး တဆ စီ ပြုတ်ထွက် သွားမတတ် က ပြစ်လိုက်သည်။ အပျော်လွန် အကလွန်၍ စင်ပေါ်မှ ပြုတ်ကျပြီး ရင်ထဲတွင် အေးခနဲ ဖြစ်သွားသည်။ အဆိုတော်မလေး Lady Gaga ကလှမ်းတော့ ဆွဲလိုက်ပါသေးသည်။ သို့သော် မမှီိလိုက်။ လှမ်းဆွဲ၍ မမှီလိုက်သဖြင့် ဝမ်းနည်းပက်လက်ဖြစ်သွားသော သူမ၏မျက်နှာလေးကိုလဲ လှမ်းမြင်လိုက်ရသည်။
ပတ်ဝန်းကျင် တခုလုံး မှောင်မဲနေ၍ အံ့သြထိပ်လန့် သွားမိသည်။ မိမိပြုတ်ကျသည်မှာ မြေပြင်
ပေါ်သို့ မဟုတ်ဘဲ ကြမ်းခင်း carpet အပေါ်တွင် ဖြစ်နေတော့မှ အော် ငါအိပ်မက်မက်ပြီး အမေရိကရှိ အခန်းကျဉ်းလေး တစ်ခုထဲရှိ ခန္ဓ္ဓာကိုယ်နဲ့ မြန်မာပြည် တွင်လှမ်းပြီး သင်္ကြန်ဆော့နေပါလား ဟုသတိရသွားသည်။ ဘေးအခန်းမှ Bad Romance သီချင်းသံလေး ကတော့ မြူးနေဆဲ……။ ဒီနေ့ သင်္ကြန် ရောက်နေပြီ ဆိုတဲ့ အသိနဲ့ အမိမြေကို လွမ်းတဲ့စိတ် သင်္ကြန်ကို ချစ်တဲ့စိတ်တို့က တွန်းပို့လိုက်သော် အိပ်မက်တစ်ခုပင်။ ၄င်း အိပ်မက်သည်ပင်လျှင် အမိ မြန်မာပြည်နဲ့ သင်္ကြန် ဆိုတဲ့အထင်ကရ ရိုးရာ ယဉ်ကျေးမှု တစ်ခုကို ပိုမို တမ်းတမ်း တတ လွမ်းဆွတ်စေခဲ့သည် မဟုတ်ပါလား…..။
ပြည်ပရောက် မြန်မာပြည်သား အားလုံးလိုလိုပင် မိမိ ရောက်ရှိရာ အရပ်ဒေသ၌ သင်္ကြန်ပွဲများကိုမရ ရတဲ့နည်း ဖြင့် စီစဉ်ဖန်တီး ဆင်နွဲ ကြပေလိမ်မည်။ ဝါတွင်း ဥပုဒ်နေ့ ကို အကြွေးမှတ်၍ အားလပ်သည့် ရက်များတွင် အစားပြန်လည် ဥပုဒ်စောင့်ခြင်း စသည်ကို မပြုလုပ်ကြသော်လည်း သ င်္ကြန် လိုပွဲမျိုး ကိုတော့ အကြွေး မှတ်၍ အားလပ်သည့်တစ်ရက် သို့မဟုတ် ရာသီဥတုစသည် အစဉ်ပြေသည့် တစ်ရက်ရက် တွင် ပြန်လည် အစားထိုး ကစားကြပေသည်။ မှတ်သားစရာ ပြည်ပရောက် မြန်မာ ဓလေ့တစ်ခုပါပေ။ မြန်မာပြည်၌ သင်္ကြန် ကျနေချိန်တွင် အမေရိကန် နယူးယောက်ပြည်နယ် တွင်အလွန် ချမ်းအေး နေပါသေးသည်။ ထို့ကြောင့် ၄င်းသင်္ကြန်ကို မဆော့သေးပဲ အကြွေး မှတ်ထား၍ ရာသီဥတု ကောင်းသော နေ့တစ်နေ့၌ ပြန်လည် အစားထိုး ကျင်းပပြီး ပျော်ပါးကြသည် ဟုမှတ်သားဖူးပါ သည်။ အခြားနိုင်ငံ၊ အခြားပြည်နယ်၊ အခြားမြို့များတွင် ဘယ်ပုံ ဘယ်နည်း ဖြင့် ကျင်းပကြသည် မသိ။အမေရိကနိုင်ငံ နယူးယောက်ပြည်နယ် ရန်ဆယ်လီယာမြို့လေး တွင်တော့ ဤနည်းအတိုင်း ပင်ဖြစ်သည်။၎င်းသင်္ကြန် အတုလေးသို့ ရောက်အောင် မစောင့်နိုင်တော့ပါ။ မြန်မာပြည်သို့ ထပြန် ရန်မှာလည်းဘယ်နည်း နှင့်မှ မဖြစ်နိုင်တော့။ ထို့ကြောင့် ရရာနည်းလမ်းကို မဟာဗျူဟာမြောက် အသုံးချ၍ နိုင်ငံတကာရှိ မြန်မာ ပြည်သူ ပြည်သား အားလုံးကို ရေပက်ထွက်နိုင်ရန် စီစဉ်လိုက်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ လာရောက် ဆော့ ကစားကြမည် ဖြစ်ခြင်းကြောင့် အင်တာနေရှင်နယ် မဏ္ဍာပ်ထိုးမှ ဖြစ်လေတော့မည်။ ထို့ကြောင့် အင်တာနေရှင်နယ် ရေကစားမဏ္ဍပ် ဟု အမည်တပ်၍ ဖေ့စ်ဘွတ်ဂရု တစ်ခုဖွင့်လိုက်သည်။ ၄င်းကို အင်တာနေရှင် ရေကစားမဏ္ဍာပ် အမှတ်(၁) ဟုအမည်ပေးလိုက်သည်။ ထို့နောက်Google Group တစ်ခု ထပ်ဖွင့်လိုက်သည်။ ၄င်းကို အင်တာနေရှင်နယ် ရေကစားမဏ္ဍာပ် အမှတ်(၂)ဟု အမည်ပေးလိုက်သည်။ မုန့်လုံးရေပေါ်နှင့် သင်္ကြန် ထမင်း ဟင်းများကိုလည်း စားချင်သေး၏။ ထို့ကြောင့် Google Image မှ မုန့်လုံးရေပေါ်နှင့် သင်္ကြန်ထမင်းဟင်း ပုံများကို Download လုပ်ပြီး ကွန်ပျူတာ Screen ၌ Wallpaper အဖြစ်ပြောင်းလဲ တပ်ဆင်လိုက်သည်။ ၄င်းပုံများကို ကြည့်လိုက် မဏ္ဍာပ်နှစ်ခုတို့ တွင် ရေဝင်ပက်လိုက်ဖြင့်အလုပ်ရှုပ်ပြီးတစ်ယောက်တည်း တစ်နေရာတည်းမှ ကမ္ဘာအနှံ့သို့ရေပက်နိုင်ခဲ့သည်။
ဟိုင်း…ရေပက်လိုက်မယ်နော်…….. ဗွမ်း.. ဟု ဘောက်တစ်ခုဆီတွင် ရေးထည့်လိုက်သည်။ ဖြည်းဖြည်း ပက်လေ ဗွမ်း ဆိုတဲ့ အသံကြီးက နည်းနည်း အရှိန်ပြင်းပြီး ကြမ်းနေသလိုပဲ… ဟု စာပြန်လာသည်။ ထို့ကြောင့် အသံနည်းနည်း လျှော့လိုက်သည်။

ဖြန်း……..အား နာတယ် ခွက်စောင်းမခုတ်နဲ့ နာတယ်… ဟု နောက်တစ်ယောက်မှ ဝင်ရေးသွားပြန်သည်။ အော် သူတော့ ရေပက် ခံလိုက်ရပြီ ဟု သိလိုက် သည်။ နောက်တစ်ယောက် က……… ရွှီး…ရွှီး ဟု ဝင်ရေးလိုက်၍ မော်တော်ပီကယ် လမ်းဝင် ရှင်းပေးနေ တာ လား လို့ မေးလိုက်သည်။
မဟုတ်ဘူး ရေပိုက်အကြီးကြီးနဲ့ ပက်နေတာတဲ့.. ကဲ။ အင်တာနေရှင်နယ် မဏ္ဍာပ် အမှတ်(၁)ရော(၂) ပါ လူစည်ကာားလာသည်။ တို့ကို မချစ်တဲ့ အပျိုတွေ ဖိုးဖိုးကြီးနဲ့ ညားပါစေ ဟူသော ဆုတောင်း တစ်ခုကြောင့် လူကိုက မြန်မာလို့မပြောရဘူး..မစားရတဲ့အမဲ သဲနဲ့ပက်တယ်.. ဟုပြန်ရေးသူ များလည်းရှိသည်။
ဤ အခန်းကျဉ်းလေးထဲ၌ အနွေးထည်ဝတ် စောင်ချုံပြီး Heater ဖွင့်လျှက် ရေပက်လိုက်ရခြင်းကြောင့် လက်များလည်း အတော်လေး ညောင်းသွားသည်။ နိုင်ငံအသီးသီးရှိ ကိုယ့်လူမျိုးများကို ရေပက်
လိုက် ရ ၍ လည်း အတော်လေး နေသာထိုင်သာ ရှိသွားခဲ့သည်။ ဘာပဲပြောပြော သင်္ကြန်ကိုလွမ်းတဲ့အလွမ်းတစ်ခု ခေတ္တခဏ လွင့်မျောသွားခဲ့သည် ။ သို့သော် ထာဝရ ပြေပျောက် သွားခြင်းတော့မဟုတ်ပေ။ ထာဝရ ကွယ်ပျောက် လွင့်မျော သွား၍ ရကောင်းသော အရာရော ဟုတ်ပါသလား။
နှစ်သစ်ကူးအတွက် အားလုံးကို မေတ္တာရေပက်ဖြန်းလိုက်သော………နန်းရှင်

No comments:
Post a Comment