အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 26 January 2015

ဆီးချိုရောဂါနှင့် လမ်းလျှောက်ခြင်း သို့မဟုတ် Active Lifestyle


ဆီးချိုရောဂါနှင့် လမ်းလျှောက်ခြင်း သို့မဟုတ် Active Lifestyle
===========================================
- နေခြည် (ဆေး-၁)။
ဆီးချို သွးချိုရောဂါ (Diabetes) ဟူသည် ယနေ့ခေတ်၌ နေရာ အနှံ့အပြား တွင် ဖြစ်ပွားနှုန်းမြင့်လျက်ရှိနေသောကြောင့် Diabetes မည်သို့စဖြစ်သည် အားသေချာ မသိကြလျှင်တောင် Diabetes ဆီးချို၊ သွေးချိုဆိုသည့်စကားလုံးသည် ယခုအ ခါ လူထုနှင့်မစိမ်းတော့ပါ။ ကုထုံးများသည်လည်း တစ် နှစ်နှင့်တစ်နှစ် ပိုမိုကောင်းမွန်လာသကဲ့သို့ Diabetes ရောဂါရှင်များသည်လည်း မိမိတို့ ပုံမှန်သောက်သုံးနေရသော ဆေးဝါးများနှင့်မူ အကျွမ်းတဝင်ဖြစ်နေတတ်ကြ ပါသည်။
သို့သော်လည်း ဆီးချိုသည် သောက်ဆေး၊ ထိုးဆေးနှင့်သာ တိုက်ရိုက်သက်ဆိုင်သည့်ရောဂါတစ် မျိုးမဟုတ်ပါချေ။ Lifestyle Modifications ခေါ် သည့် စားသောက်နေထိုင်မှုကိုပါ ပြုပြင်ပြောင်းလဲရ သည့် ရောဂါဖြစ်လေသောကြောင့် တက်ကြွသော Lifestyle အနေနှင့် ကိုယ်ကာယ လှုပ်ရှားမှု၏ အရေးပါသော ကဏ္ဍကို စာရေးသူက ဤဆောင်းပါးဖြင့် အတန်ငယ် မီးမောင်းထိုးပြချင်ပါသည်။
ရှေးဦးစွာ Diabetes အမျိုးအစား မည်သို့ကွဲပြားပါ သနည်း။
Diabetes ဟုဆိုရာ၌ subtypes အုပ်စုကွဲ များရှိသည့်အနက်မှ အဖြစ်အများဆုံး သည် Type 1 Diabetes နှင့် Type 2 Diabetes ဟူသည့် အမျိုးအ စားနှစ်မျိုးဖြစ်ပါသည်။ ထိုအမျိုးအစားနှစ်မျိုးအနက်မှ Type 2 Diabetes သည် ယနေ့ခေတ် လူနေမှုစရိုက် နှင့် အများဆုံးဆက်နွှယ်နေသောအမျိုးအစားလည်း ဖြစ်ပါသည်။ ထို Type 2 Diabetes တွင် သွေးအချိုဓာတ် ကိုထိန်းပေးသည့် Insulin (အင်ဆူလင်) ဟော်မုန်းရှိ နေသော်လည်း ပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်း (Insulin Resistance) ဖြစ်သောကြောင့် အင်ဆူလင်ချို့တဲ့ခြင်း (Insulin Deficiency) ကြောင့်ဖြစ်ရသော Type 1 အမျိုးအစားနှင့် ဖြစ်ပွားပုံ အကြောင်းရင်းခြင်း အတန် ငယ်ကွာခြားမှုရှိပါသည်။
Diabetes ဟု မည်သို့သတ်မှတ်နိုင်ပါသနည်း။
ဆီးချို၊ သွေးချို၌အဖြစ်များသောလက္ခဏာ များမှာ ဆီးပုံမှန်ထက်အလွန်အကျွံသွားခြင်း၊ ပုံမှန်ထက် ရေပိုငတ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်းတို့ ဖြစ်ပါသည်။ ထိုအခါ၌ စာရေးသူတို့ အလေးထားစစ် ကြည့်သင့်သည်ကတော့ သွေးအချိုဓာတ်ပင်ဖြစ်ပါသည်။
အစာဖြတ်မထားဘဲ မိမိအဆင်ပြေသောအချိန်စစ်ကြည့် နိုင်သည့် Random Blood Suger level သည် ၂ဝဝ နှင့်အထက်ကျော်နေခြင်း၊ သို့မဟုတ် မနက်စောစော အစားမစားမီတွင်သာစစ်ကြည့်နိုင်သည့် Fasting Blood Sugar Level သည် ၁၂၆နှင့်အထက်ရှိနေခြင်း အား ဆီးချိုရောဂါဟု အကြမ်းဖျင်း သတ်မှတ်ကြပါသည်။ ယခုအခါတွင် သွေးဖောက်စစ်ရသည့် HbA1c သည် 6.5 ကျာ်နေလျှင်လည်း Diabetes ဟု WHO မှသတ် မှတ်ထားသည်ကို တွေ့ရပါသည်။
Type 2 Diabetes နှင့် ကုထုံးများအနက် ကိုယ်ကာယ လှုပ်ရှားမှုသည် မည်သို့ဆက်စပ်ပါသနည်း။
Diabetes ၏ကုသရေးပိုင်းတွင် ယခုနောက် ပိုင်း၌အလေးပေး၊ ဦးစားပေးလာကြသည်မှာ နေထိုင် စားသောက်မှု Lifestyle ဖြစ်ပါသည်။
Diabetes ရော ဂါရှင်များအတွက် သင့်တော်မည့်စားသောက်ပုံများကို ညွှန်းလာကြပါသည်။ Diabetes ရောဂါရှင်များအတွက် သင့်တော်မည် ဆိုသောစားသောက်ကုန်များကိုလည်း ဈေးကွက်တွင် တွင်ကျယ်စွာ တွေ့လာရပါသည်။ သို့ သော်လည်း ဤမျှနှင့်ပင် Lifestyle Management သည် ရပ်မသွားသင့်ပါ။ အစားအသောက်ဆင်ခြင်ရုံမျှ၊ ဆေးပုံမှန်သောက်ရုံမျှနှင့် ကျေနပ်လောက်ဖွယ်ရာ ဆေး ကုသမှုရလဒ်များကိုရနိုင်မည်မဟုတ်ပါဟု ခေတ်သစ် စာတမ်းများမှ ညွှန်ပြလာကြပြီဖြစ်ပါသည်။
Diabetes ဖြစ်နေသည့်သူများအတွက်လည်း ရောဂါပိုမဆိုးလာစေရန်အတွက် သောက်ဆေး၊ ထိုး ဆေးကိုသာ အားကိုးနေခြင်းထက် မိမိ၏ကိုယ်အလေး ချိန်ကို ဂရုတစိုက်ထိန်းပေးခြင်းသည် ထင်ထားသည် ထက် အရေးပါနေကြောင်းကို သတိပြုမိစေချင်ပါသည်။ တစ်နည်းဆိုလျှင် ဆေးပုံမှန်သောက်ပြီးအစားအသောက် ဆင်ခြင်ရုံမျှမက ကိုယ်လက်လှုပ်ရှားမှုကိုအားပေးသင့် ခြင်းပင်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် တစ်ပတ်လျှင် မိနစ် ၁၅ဝ ခန့် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းသည် ဆီးချိုရောဂါ မဖြစ် သေး သူများအတွက် ရောဂါဖြစ်နိုင်ခြေအား ရာခိုင်နှုန်း ၃ဝခန့် လျော့ကျစေသကဲ့သို့ Diabetes ရောဂါဝေဒနာ သည်များအတွက်လည်း များစွာအကျိုးရှိပါသည်။ ရောဂါ ဇာစ်မြစ်ဖြစ်သော Insulin Resistance ခေါ်သည့် Insulin အား ခန္ဓာကိုယ်မှပုံမှန်မတုံ့ပြန်ဘဲ အလုပ်ကောင်း စွာမလုပ်နိုင်ခြင်းကို သက်သာ လာစေသောကြောင့် သောက် ဆေးပမာဏနှင့် အင်ဆူလင်ဆေးများ ထိုးပေးရခြင်း ကို ရေရှည် တွင် လျော့ကျလာစေပါသည်။
ဆီးချို၊ သွေးချိုသမားများအတွက် သင့်တော်မည့်ကိုယ် လက်လှုပ်ရှားမှုများ
*****************************************************************************
လေ့ကျင့်ခန်းဟုဆိုရာတွင် ခပ်ပျော့ပျော့လေ့ ကျင့်ခန်းများ (Light intensity Activities) မှသည် အလယ်အလတ်ပြင်းထန်သော(Moderate Intensity) လေ့ကျင့်ခန်းများနှင့် (High Intensity)အင်မတန်ပြင်း ထန်သောလေ့ကျင့်ခန်းများ ဟူ၍ ကွဲပြားသည်ကိုရှေး ဦးစွာ ခွဲခြားသိသင့်ပါသည်။ မည်သည့်ဆီးချိုဝေဒနာ ရှင်များအတွက်မဆို လမ်းကိုမြန်မြန်သွက်သွက်လျှောက် ခြင်းသည် Light Intensity လေ့ကျင့်ခန်းတွင်ပါဝင်ပြီး ဘေးကင်းပါသည်။ တစ်ပတ်လျှင် မိနစ် ၁၅ဝပြည့်စေ နိုင်ရန်လေ့ကျင့်သင့်ပြီး တစ်နေ့ နာရီဝက်နှုန်းနှင့် တစ် ပတ်လျှင် ငါးရက်လမ်းလျှောက်ခြင်းသည် အင်မတန် သင့်လျော်ပါသည်။
သို့သော်လည်း သည်ထက်လေ့ကျင့်ခန်းပို လုပ်နိုင်မည့်သူများအတွက်ဖြစ်သည့် အေရိုးဗစ် (Aerobic) လေ့ကျင့်ခန်းများနှင့် ခန္ဓာကိုယ်ကြွက်သားများကို ကျစ်လျစ်စေသည့် Resistane Training လေ့ကျင့်ခန်း များသည် ဆီးချိုဝေဒနာရှင်များအတွက် အကောင်းဆုံး ဖြစ်နိုင်ကြောင်းကို ယခုအခါထပ်မံတွေ့ရှိလာကြပါသည်။
ခြွင်းချက်ရှိသည်မှာ ထိုလေ့ကျင့်ခန်းများသည် တစ်ပတ် လျှင် ၇၅မိနစ်ခန့်ပြုလုပ်လျှင်ပင် အကျိုးရှိနိုင်မည်ဖြစ် သော်လည်း Moderate to High intensity များဖြစ် နေခြင်း၊ လေ့ကျင့်ပေးမည့်သူလိုအပ်တတ်ခြင်းကြောင့် လက်တွေ့တွင်မူခက်ခဲပြီး လူတိုင်းနှင့်မသင့်လျော်နိုင်ပါ။ ထို့အပြင် ဆီးချိုဝေဒနာရှင်များအနက် ၁ဝရာခိုင်နှုန်း ခန့်သည် မိမိဆီးချိုရှိနေမှန်း စတင်သိသောအချိန်တွင် ပင် နှလုံးသွေးကြောကျဉ်းရောဂါပါတွဲဖက်ဖြစ်ပွားနှင့် ပြီးဖြစ်သောကြောင့် ထိုသို့ပြင်းထန်သောလေ့ကျင့်ခန်း များအတွက် နှလုံးကြံ့ခိုင်မှု ရှိ၊မရှိကို ထည့်သွင်းစဉ်းစား ရတတ်ပါသည်။
Light Intensity သို့မဟုတ် မည်သည့် ကိုယ်လက်လှုပ် ရှားမှု
ပြုလုပ်ရာတွင်မဆို သတိပြုသင့်သည့်အချက်များ
*********************************************************************
ဆီးချိုရောဂါဝေဒနာရှင်များသည် အာရုံ ကြောများမကောင်းခြင်းကြောင့် ခြေထောက်နှင့် ခြေ ချောင်းများတွင်ထုံကျဉ်နေတတ်ပြီး အာရုံကိုမသိနိုင် ဖြစ်တတ်ပါသည်။ ထို့အတွက် လမ်းပုံမှန်လျှောက်မည် ဆိုပါက ခြေထောက်အနာဖြစ်မှန်း မသိဖြစ်ခြင်းကိုရှောင် ကြဉ်နိုင်စေရန် လမ်းမလျှောက်ခင်နှင့် လမ်းလျှောက် အပြီးတွင် မိမိခြေထောက်များအား အသားမာများ၊ အ ရေကြည်ဖုများနှင့် အခြားသောပွန်းတိုက်မှုလက္ခဏာ များရှိမရှိကို သေချာစွာစစ်ဆေးသင့်ပါသည်။ လမ်းလျှောက် ရာတွင်လည်း သက်သောင့်သက်သာရှိမည့် ဖိနပ်ကို သာစီးပြီး လမ်းလျှောက်သင့်ပါသည်။
လမ်းထွက်မလျှောက်ခင်တွင် မိမိသောက် နေသောဆေးပေါ်မူတည်ပြီး လေ့ကျင့်ခန်းအားချင့်ချိန် ရမည်ဖြစ်ပါသည်။ Metformin (မက်ဖော်မင်) သောက် နေရသော သူများအတွက် သွေးချိုရုတ်တရက် ထိုးကျ သွားခြင်းဖြစ်နိုင်ခြေ နည်းသော်လည်း အင်ဆူလင်ထိုး နေရသောသူများနှင့် ဆယ်လ်ဖိုနိုင်း ယူရီးယားအုပ်စု ဝင်ဆေးများသောက်နေရသောသူများသည် ပိုမိုဂရု စိုက်သင့်ပါသည်။ လုပ်နေမကျသည့် ကိုယ်လက်လှုပ် ရှားမှုကိုပြုလုပ်သည့် အခါတွင် ရုတ်တရက် သွေးချိုကျ ဆင်းသွားတတ်ခြင်းကြောင့် မိမိဆရာဝန်အား မိမိသုံး စွဲရသည့်သောက်ဆေးများကိုကွဲပြားအောင် မေးထား သင့်ပါသည်။
လေ့ကျင့်ခန်းများသည် အကျိုးရှိသည်မှန် သော်လည်း အလွန်အမင်း ဆီးချိုတက်နေသောသူများ သည် ရှေးဦးစွာဆီးချိုကျအောင် ကုသမှုခံယူပြီးမှသာ လေ့ကျင့်ခန်းများကို ပြန်လည်ပြုလုပ်သင့်ပါသည်။ ထို နည်းတူစွာ သွေးချိုရှိသင့်သည်ထက် နည်းသွားသော သူများအနေနှင့်လည်း ထိုအချိန်တွင် လေ့ကျင့်ခန်းမ ပြုလုပ်သင့်ပါ။
လမ်းလျှောက်ခြင်းပင်ဖြစ်လင့်ကစား မိမိ၏ စွမ်းနိုင်သမျှအချိန်နှင့်သာကန့်သတ်၍ စတင်ပြုလုပ်ရ မည်ဖြစ်ပါသည်။ တဖြည်းဖြည်းနှင့် တစ်ပတ်မိနစ် ၁၅ဝ ပြည့်စေရန် အချိန်တိုးသွားနိုင်ပါသည်။
လေ့ကျင့်ခန်းလုပ်မှာပဲဆိုပြီး စားချင်သည် များကို စည်းမဲ့ကမ်းမဲ့ စားသောက်လိုက်ခြင်းလည်းမ ပြုလုပ်သင့်ပါ။ သို့သော် ရေကိုပုံမှန်သောက်ပေးပြီး ခန္ဓာ ကိုယ်တွင်းရှိရေဓာတ်ကိုပုံမှန်ထိန်းသိမ်းနေရန် လိုအပ် ပါသည်။
မည်သို့ပင်ဖြစ်စေ၊ လမ်းလျှောက်ခြင်းသည် အခြားသောလေ့ကျင့်ခန်းများနှင့် ယှဉ်ပါက အပန်းကြီး သောလေ့ကျင့်ခန်းမဟုတ်ပါဟု စာရေးသူထင်ပါသည်။ သို့သော် စာရေးသူသိသမျှ ဆီးချိုဝေဒနာရှင် ၁ဝ ယောက် တွင် ထိုသို့လမ်းပုံမှန်လျှောက်သူသည် တစ်ယောက်၊ နှစ်ယောက်ရှိလျှင်ပင် များလှပြီဟု ပြောရသလောက် ပင်ဖြစ်ပါသည်။ သို့သော် ထိုသူများအပြစ်မဟုတ်ပါ။ ဇွဲ ရှိရှိနှင့် စံနှုန်းအတိုင်း ကိုယ်လက်လှုပ်ရှားခြင်းသည် ထင် မထားနိုင်လောက်အောင် ကောင်းကျိုးပြန်ရနိုင်သည် ကိုမသိခြင်းကြောင့်လည်းဖြစ်မည်ဟုသာ စာရေးသူအ နေနှင့် ထင်မိပါသည်။
ထိုသို့ Active Lifestyle ၏အကျိုးများကို အကျဉ်းချုံးမျှ ထပ်မံဆိုရလျှင် လမ်းလျှောက်ခြင်း သို့ မဟုတ် ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်ပြုလုပ်ခြင်းသည် အဝလွန်ခြင်းကိုလျော့ချနိုင်မည်။ သွေးလည်ပတ်မှုကောင်း စေပြီး နှလုံးကိုကြံ့ခိုင်စေသည်။ စိတ်ဖိစီးမှုများကိုလျှော့ ချစေပြီး အိပ်ပျော်စေသည်။ သွေးချို၊ ဆီးချိုအတွက် လိုအပ်သောအင်ဆူလင်ဟော်မုန်းအလုပ်လုပ်ခြင်းကို အထောက်အကူပြုပြီး သွေးချိုပမာဏနှင့်သောက်သုံး ရသောဆေးပမာဏများကို လျော့ကျစေပါသည်။
ထို့ကြောင့် ငွေလည်းမကုန်၊ ဆင်းရဲချမ်းသာ မရွေး လွယ်ကူပြီးပုံမှန်ပြုလုပ်နိုင်သည့် Light intensity လေ့ကျင့်ခန်းအမျိုးအစားတစ်ခုဖြစ်သော လမ်း သွက်သွက် လျှောက်ခြင်းခေါ် Brisk Walking သည် Diabetes ရောဂါဝေဒနာရှင်များအတွက် လွန်စွာမျှပင် အကျိုးရှိနိုင်မည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်ပါ ကြောင်း စာဖတ်သူများသတိပြုနိုင်ပါစေရန်အလို့ငှာ ဤဆောင်းပါးနှင့် တိုက်တွန်းဖော်ပြလိုက်ရပါသည်။

No comments:

Post a Comment