အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday 7 February 2013

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ် 
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။

အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို  မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း အသိတစ်ခု မျှဝေမှု ပြုလိုက်ရပါတယ်။

No comments:

Post a Comment