အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday 19 February 2015

အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း


အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း
-----------------------------------------------------------------
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက
သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
.
(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
--------------------
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။
.
(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း
--------------
ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ် ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေ တာမျိုး၊ ဘောင်းဘီဆိုက်ကြီး တာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
.
(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း
-------------------------
ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။
.
(၄) ကြာရှည် ဖျားနာခြင်း
----------------------
ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာ က တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။
.
(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း
----------------------
မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။
.
(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း
----------------------------
ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။
.
(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း
------------
ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
.
(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ
--------------
မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
.
(၉) ရင်သားပြောင်းလဲခြင်း
------------
လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
.
(၁၀) နုံးချည့်ညောင်းညာခြင်း
-------------
အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်း ညာ နေဆဲ ဆိုရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good Health Update
At 11/14/2013 08:18:00 AM
-------------------
သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer
================
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလို တငွေ့ငွေ့လှိုက်စားပြီး အသက်ဇီ ၀ိန်ခြွေချနေ တဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုကို ပြပါဆိုရင်တော့ သားအိမ်ခေါင်း ကင်ဆာကို လက်ညိုးထိုးပြ ရပါလိမ့် မယ် ။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လိုဆိုရင်တော့ Cervical cancer လို့ခေါ်ပါတယ် ။ သား အိမ်ခေါင်း ကင်ဆာဟာ သားအိမ်ရဲ့ အ၀ Cervix uteri မှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များ ဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ သားအိမ်ခေါင်း ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာ တစ်ခုကတော့ မူမမှန်သွေးဆင်းခြင်းဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကင်ဆာ ဟာ အရမ်းကို ဆိုးရွားတဲ့အဆင့်ရောက်တဲ့အထိတိုင်အောင် ဘာမှသိသာထင်ရှားတဲ့ လက္ခဏာ မပြပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာတွေရှိပါတယ် ။ စောစောအဆင့်ပိုင်းတွေမှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုးရွား တဲ့ နောက်ပိုင်းအဆင့်တွေဖြစ်နေပြီဆိုရင်တော့ ကင်ဆာ ဆေးသွင်းခြင်းနဲ့ ဓါတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ် ။
.
ကင်ဆာရှိမရှိစစ်ဆေးခြင်းဖြစ်တဲ့ Pap smear ယူပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာ ရှိတဲ့ ဆဲလ်တွေ နဲ့တစ်ရှူးတွေ မှာ ကင်ဆာအဆင့်မရောက်ခင် precancerous အခြေအနေနဲ့ ပြောင်းလဲမှုတွေကို ကြိုတင်ပြီး သိရှိနိုင် ပါတယ် ။ တိုးတက် ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေ မှာဆိုရင် Cervical screening ကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီး ဒီလိုစစ်ဆေးခြင်းအားဖြင့် အလွန်အမင်းဆိုးရွားသောအဆင့် Invasive cervical cancer ဖြစ်ပွားမှုနှုန်းကို ၅၀ % အထက် လျော့ချပေးနိုင်ပြီဖြစ်ပါတယ်။
.
သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက်အောင် Human Papillomavirus (HPV) ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ။ US , Canada နဲ့ EU မှာဆိုရင် ဒီ HPV vaccines ဟာ သားအိမ်ခေါင်းကင်ဆာကို ၇၀% လောက်အ ထိဖြစ် ပွားစေနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား မျိုးကွဲ ၂ မျိုး ( two strains) ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် လည်း Vaccines ဆိုတာဟာ အဖြစ်များတဲ့ အမျိုးအစား HPV နဲ့ကင်ဆာကို သာကာကွယ် ပေးနိုင် တာဖြစ်တဲ့အတွက် အမျိုးသမီး အားလုံးဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှပဲ ဒီလို Pap Smear Screening ကို ပုံမှန်ပြု လုပ်သင့်ပါတယ် ။ သားအိမ်ခေါင်း ဆိုတာဟာ သားအိမ်ရဲ့ အကျဉ်းဆုံးအစိတ်အပိုင်းဖြစ်ပြီး မိန်းမ ကိုယ်အ၀ Vagina နဲပဆက်သွယ်ထားတဲ့ နေရာလည်းဖြစ်ပါတယ် ။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။
================================
အစောပိုင်းအဆင့်တွေမှာတော့ သားအိမ်ခေါင်းကင်ဆာဟာ ဘာလက္ခဏာမှ မပြပဲနဲ့ရှိ နေနိုင် ပါတယ် ။ ဒါ့အပြင် မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့အတူနေသည့်အခါ သွေးဆင်းခြင်း တခါ တရံ သွေးခဲဆင်းခြင်း ( ရှားတော့ ရှားပါတယ် ဒါပေမယ့် ကင်ဆာအဆင့် ဖြစ်တယ်ဆိုတာ ပြသနေခြင်း ) စသည်တို့ဖြစ်တတ်ပါတယ် ။ ဒါ့အပြင်မှာ အမျိုးသားနှင့်အတူနေသည့်အခါ နာကျင်ခြင်း နှင့် သွေးဆင်းခြင်းတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့နေ ရာတော်တော် များများမှာ ပျံ့နှံ့ခြင်း Metastases တွေကို တွေ့ရမှာဖြစ်ပါတယ် ။
.
ပိုမိုးဆိုးရွားတဲ့ သားအိမ်ခေါင်း ကင်ဆာ ရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပဆုံရိုး အတွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက် များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုး ခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ ရနိုင်ပါတယ် ။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ ။
Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်း အချက်ဖြစ် ပါတယ် ။ ဒါ့အပြင် လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုး စတာတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေရခြင်းရဲ့ risk factor တွေဖြစ်ပါတယ် ။ ဒါ့အပြင် အခြားအကြောင်းအရာတွေကတော့ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့် ဆက်နွယ် နေသော အခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သား ဆက်ခြားဆေးများ ၊ ကိုယ်ဝန်ပေါင်းများစွာ ယူခြင်း ၊ မျိုးရိုးထဲတွင် သားအိမ်ခေါင်း ကင်ဆာ ရှိခြင်း စတဲ့အ ချက်တွေဟာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ Cofactors အနေနဲ့ ပါဝင်နေပြန်ပါတယ် ။ အသက် ငယ် ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း နဲ့ အသက်ငယ်ရွယ်စဉ် တွင် ကိုယ်ဝန်ဆောင်ခြင်း ၊ အသက်ငယ် ရွယ်စဉ်တွင် သားဆက်ခြားဆေးများ သောက်သုံး ခြင်း ဟာလည်း risk factors တွေ ထဲမှာပါဝင်နေ တာကိုတွေ့ ရပါတယ် ။
.
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ ။
============================
၁ ။ Screening ပြုလုပ်ခြင်း
---------------
Pap smear ပြုလုပ်ကာ သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ်ပါတယ် ။ ၃ နှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ် အကယ်၍ မူမမှန်သော အဖြေတွေတွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ် တဲ့ ကာကွယ် ကုသမှု တွေပေး နိုင်မှာ ဖြစ်ပါတယ် ။ အကယ်၍ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိရှိပါက လည်း အနည်းငယ် မျိုးပွားနိုင်မှု စွမ်းရည်ကို ထိခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေး နိုင်ပါတယ် )
၂ ။ Vaccine ထိုးခြင်း
-------------------
HPV vaccine နှစ်မျိုးရှိပါတယ် ။ Gardasil နဲ့ Cervarix ဇြစ်ပြီး ဒီဗက်ဆင်းတွေက သားအိမ်ခေါင်း နဲ့ စအိုဝ တဂှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃% အထိ လျော့ချပေးနိုင်တာ ကိုတွေ့ရပါတယ် ။ HPV Vaccine ကို အသက် ၉ နှစ်မှ ၂၆ နှစ်အတွင်းအမျိုးသမီးတွေကို ပိုးမ၀င်မှာ ကြိုတင်ထိုးထားနိုင်ပြီး ဒါကလည်း ရောဂါပိုးမရှိမှသာလျှင် ထိရောက်မှုရှိ တာဖြစ်ပါ တယ် ။ Vaccine တွေဟာ လေးနှစ်မှ ခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပို စွမ်းသလား booster ထပ်ထိုးဖို့လိုအပ်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး ။ ဈေးနှုန်းကြီး မားမှုက ပြဿနာ တစ်ခုဖြစ်နေပြီး နိုင်ငံပေါင်းများစွာကတော့ HPV Vacinnation Fund တွေ တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ ။
၃ ။ ကွန်ဒုံးအသုံးပြုခြင်း
------------
ကွန်ဒုံးအသုံးပြုခြင်းဟာ အချို့သော သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တာမပေးနိုင်တာအသာထား အနည်းဆုံးတော့ genita wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တ ခြား ရောဂါပိုးတွေကို တော့ ကာကွယ် ပေးနိုင်ပါတယ် ။ ( ဥပမာ STD , Chlamydia ) သုတ်ရည် Semen ဟာ Precancerous changes (CIN 3) ကို ပြောင်းလဲစေနိုင်တဲ့ risk ရှိတဲ့အတွက် ကွန်ဒုံးအ သုံးပြုခြင်းအားဖြင့် ကာကွယ် ပေးရာရောက်ပါတယ်။
၎ ။ အာဟာရ
-------------
ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။
ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ လွန်စွာထိရောက်လှပါတယ် ။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ချပြီး အမျိုးသမီးအားလုံး Pap smear ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ် ။ ကာကွယ်ဆေးထိုးထားကြဖို့လည်း တိုက်တွန်းလိုပါတယ် ။ အားလုံးပဲ ကျန်းမာ သုခ ပြည့်ဝကြပါစေ ။
Ref : http://en.wikipedia.org/wiki/Cervical_cancer
သက်တန့်ချို
------------------
Thursday, June 2, 2011
Cancer of the uterus သားအိမ်-ကင်ဆာ
သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပါပဲလား။ မတူဘူး ဆိုရင်လည်း ဘယ်လိုတွေ ခံစားရတတ်တယ်၊ ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။ ဆေးရုံမှာ စစ်မယ်၊ သွားမယ်ဆိုရင် သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပဲ ရှိနေရင် သိရလား။ သို့မဟုတ် ၂ မျိုးခွဲ စစ်ရတာလား။ အင်္ဂလိပ်လို သားအိမ်ခေါင်း-ကင်ဆာကဘာ၊ သားအိမ်-ကင်ဆာကဘာ ခွဲပြောရလား။ အင်္ဂလိပ်လို ဘယ်လို စာလုံးပေါင်းပါသလဲ။
သားအိမ်-ကင်ဆာ Uterine Cancer နဲ့ သားအိမ်ဝ-ကင်ဆာ Cervical Cancer မတူပါ။
အခုရေးမှာက သားအိမ်-ကင်ဆာ ဖြစ်ပါတယ်။ Cervical Cancer (Ca Cx) သားအိမ်အဝ-ကင်ဆာ နဲ့ သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (HPV) တွေကို တွဲဖတ်ပါ။
သားအိမ်-ကင်ဆာမှာ ၂ မျိုးရှိတယ်။ ပိုအဖြစ်များတဲ့ Endometrial cancer နဲ့ Uterine sarcomas တွေ ဖြစ်တယ်။ စဖြစ်တဲ့ သားအိမ်အလွှာ မတူလို့ မတူကြတာပါ။ Endometrial cancer ကို Adenocarcinoma လဲခေါ်တယ်။ သားအိမ်-ကင်ဆာ ထဲမှာ ၉၅% ဖြစ်တယ်။ Sarcoma ဆိုတာက ၂-၄ % ရှိပြီး၊ Carcinosarcoma နဲ့ Endometrial stromal sarcoma တွေကတော့ ရှားတယ်။
သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အလုံးတွေ ဥပမာ Fibroids နဲ့ Endometriosis တွေ ရှိတယ်။ Endometrial hyperplasia ဆိုတာလဲ ကင်ဆာ မဟုတ်ပါ။
ရောဂါလက္ခဏာတွေ ကနေစပြီး သံသယ ရှိရတယ်။
-----------------------------
1. ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ သွေးစွန်းတာ၊ ၉ဝ% လောက်က ကြားရက် ဒါမှမဟုတ် သွေးဆုံးပြီးနောက် သွေးဆင်းတယ်။ အဲလိုဖြစ်သူတိုင်းလဲ သားအိမ်-ကင်ဆာတော့ မဟုတ်ပါ။
2. ၁ဝ% လောက်မှာ အဖြူဆင်းတာမျိုးလို တခုခု ဆင်းတတ်တယ်။
3. ဆီးသွားရတာ ပြဿနာရှိတာ၊ ဆီးစပ်နေရာ နာတာ၊ အိမ်ထောင်နဲ့ နေရင် နာတာတွေလဲ ဖြစ်နိုင်တယ်။
4. ဆီးစပ်မှာ အလုံး စမ်းလို့ရတာ၊ လူက ပိန်ပိန်လာတာဆိုရင်လဲ သတိရှိရမယ်။ ဒီလို ဖြစ်သူတွေက ရောဂါ နောက်ပိုင်းကျလာမှ ဖြစ်တတ်တယ်။
မေးမြန်းမယ်၊ စစ်ဆေးမယ်။
------------
• Endometrial biopsy နည်းဖြစ်ဖြစ်၊ Dilation and curettage (D&C) နည်းနဲ့ဖြစ်ဖြစ် အသားစ ထုတ်ယူ စစ်ဆေးမယ်။ Endometrial biopsy ကို အများဆုံး လုပ်တယ်။
• Hysteroscopy နည်းလဲ လုပ်နိုင်တယ်။ Transvaginal ultrasound, Sonography, Cystoscopy and proctoscopy, Computed tomography (CT) နဲ့ Magnetic resonance imaging (MRI) နည်းတွေလဲ ရှိသေးတယ်။
• Positron emission tomography (PET), Chest x-ray, Complete blood count, CA 125 blood test တွေပါ ဆက်လုပ်နိုင်သေးတယ်။
ဘယ်လို အမျိုးသမီးတွေမှာ Endometrial cancer သားအိမ်-ကင်ဆာ ဖြစ်နိုင်လဲ။
• Hormone levels ဟော်မုန်း ရှိတာ မတူကြဘူး။ (အီစထိုဂျင်) များရင် ပိုဖြစ်နိုင်တယ်။ သွေးဆုံးသွားတဲ့ အမျိုးသမီးတွေကို Estrogen therapy ဟော်မုန်းပေး ကုရတတ်တယ်။ ကင်ဆာ ဖြစ်လာနိုင်တယ်။ Estrogen နဲ့အတူ Progesterone ပေးတာ ပိုကောင်းတယ်။ ဒါပေမဲ့ တခြားဟာတွေ ဖြစ်နိုင်ပြန်တယ်။ ဥပမာ ရင်သား-ကင်ဆာ၊ သွေးခဲရောဂါ။
• Birth control pills ကိုယ်ဝန်တားဆေးကြောင့် သားအိမ်ကင်ဆာ အဖြစ်နည်းစေတယ်လို့ ဆိုတယ်။
• တသက်တာမှာ ရာသီလာချိန်များရင် မကောင်းဘူး။ အပျို စောဖြစ်တာနဲ့ သွေးဆုံး နောက်ကျတာကို ပြောတာ။
• Pregnancy ကိုယ်ဝန်ဆောင်ရတာ များသူတွေမှာ အဖြစ်နည်းတယ်။
• Obesity အဝလွန်သူ အဖြစ်များမယ်။ အဆီထဲရှိနေတဲ့ (အီစထိုဂျင်) ကနေ တခုခုဖြစ်စေနိုင်တယ်။
• ရင်သား-ကင်ဆာ ကာကွယ်ဘို့နဲ့ ကုသဘို့မှာ သုံးတဲ့ Tamoxifen ဆေးကနေ နည်းနည်းလေး ပိုဖြစ်နိုင်တယ်။
• Ovarian tumors (Granulosa-theca cell tumor) ဖြစ်သူတွေမှာ ပိုဖြစ်နိုင်တယ်။
• Polycystic ovarian syndrome (PCOS) ရှိနေသူလဲ ပိုဖြစ်နိုင်တယ်။
• Intrauterine device (IUD) ကိုယ်ဝန်တား-ပစ္စည်းထည့်ထားသူတွေလဲ နဲနဲလေး ပိုဖြစ်တာတွေ့ရတယ်။
• Age အသက်ကြီးလေး ပိုလေ။
• Diet and exercise အဆီစားများသူ၊ လေ့ကျင့်ခန်း မလုပ်သူတွေ ပိုများတယ်။
• Diabetes ဆီးချို ရှိသူတွေမှာ ၄ ဆ ပိုများတယ်။
• Family history မိသားစုထဲ တယောက်မက ဖြစ်တာလဲ တွေ့ရတယ်။
• Breast or ovarian cancer နို့-ကင်ဆာနဲ့ မျိုးဥအိမ်-ကင်ဆာ ရှိသူတွေမှာ လာဖြစ်တတ်သေးတယ်။
• Prior pelvic radiation therapy တခြားရောဂါကြောင့် ဓါတ်ကင်သူတွေ ပိုဖြစ်နိုင်တယ်။
• Endometrial hyperplasia ရောဂါ ဖြစ်နေရင် ပိုနိုင်တယ်။
Endometrium Carcinoma အတွက် 2010 Figo staging system အရ ရောဂါအဆင့် သတ်မှတ်ချက်တွေက -
• IA သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်အထိ မရောက်သေးဘူး။
• IB သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်ထက် ကျော်ပြီ။
• II သားအိမ်မှာသာရှိတယ်။ Cervical stromal invasion သားအိမ်ဝထဲ ရောက်နေပြီ။
• IIIA သားအိမ်ဘေးက Serosa or Adnexa (တစ်ရှူး) တွေဆီ ရောက်နေပြီ။
• IIIB မွေးလမ်းကြောင်း (ဗဂျိုင်းနား) နဲ့ Parametrial involvement ဘေးနား ရောက်နေပြီ။
• IIIC1 Pelvic lymph node involvement အနီးအနားက တက်စေ့တွေဆီ ရောက်နေပြီ။
• IIIC2 Para-aortic lymph node involvement တခြားနေရာက တက်စေ့တွေဆီ ရောက်နေပြီ။
• IVA Bladder and/or Bowel mucosa ဆီးအိမ်၊ အစာဟောင်းအိမ်ထိ ရောက်နေပြီ။
• IVB Distant metastases တခြား အဝေးနေရာတွေဆီ ရောက်နေပြီ။
ကုသနည်းတွေ -
------------
• Stage I = Surgery ခွဲစိတ်နည်း၊ Total Abdominal Hysterectomy and Bilateral Salpingo-Oopherectomy (TAH-BSO) ခွဲစိတ်နည်း။ ခွဲစိတ်အပြီး Radiation ဓါတ်ကင်နည်းမှာ Vaginal Brachytherapy (VB) နည်း ဒါမှမဟုတ် Pelvic Radiation ဒါမှမဟုတ် ၂ နည်းလုံး သုံးတယ်။ Chemotherapy ကင်ဆာဆေး အဖြစ် Carboplatin နဲ့ Paclitaxel, Ifosfamide with Paclitaxel ဆေးတွေ သုံးတာ များတယ်။ တခါတလေ Cisplatin, Ifosfamide နဲ့ Doxorubicin တွေကို သုံးတယ်။ ခွဲဘို့ မသင့်သူတွေကို ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် (၁) ကလေးလဲ လိုချင်သေးရင် မခွဲဘဲနဲ့ Progestin ဟော်မုန်းဆေးပေးနည်းလဲ သုံးတယ်။ အကောင်းဆုံး နည်းတော့ မဟုတ်ပါ။ ခွဲစိတ်ပြီး ထပ်ဖြစ်သူတွေမှာ ဗဂျိုင်းနားမှာ လာဖြစ်တတ်လို့ Vaginal Brachytherapy နည်းပါ လုပ်ပေးရတာ ဖြစ်တယ်။ တချို့ဆေးရုံတွေက Pelvic area တင်ပါးဆုံနေရာ တခုလုံးကို External beam radiation ဓါတ်ကင်နည်း လုပ်ပေးတယ်။
• Stage II = ခွဲစိတ်နည်းက Radical hysterectomy နည်းလုပ်ရတယ်။ သားအိမ် တခုလုံး ထုတ်မယ်။ Bilateral salpingo-oophorectomy (BSO) မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေ ထုတ်မယ်။ Pelvic and Para-aortic lymph node dissection (LND) အနီးအနားတဝှိုက်က တက်စေ့တွေပါ ထုတ်မယ်။ ပြီးရင် Radiation ဓါတ်ကင်တာ ဆက်လုပ်မယ်။ Vaginal brachytherapy နဲ့ External pelvic radiation ဓါတ်ကင်နည်း သုံးတယ်။ ဓါတ်ကင်ပြီးမှ ခွဲတာလုပ်တာမျိုးလဲ ရှိသေးတယ်။ ခွဲထုတ်တဲ့ တက်စေ့တွေကို ကင်ဆာဖြစ်နေ-မနေ စစ်ရတယ်။
• Stage III = Surgery ခွဲစိတ်မယ်။ Chemotherapy ကင်ဆာဆေး နဲ့ Radiation ဓါတ်ကင်တာတွေကို ၁ ခု ဖြစ်ဖြစ်၊ ၂ ခု ဖြစ်ဖြစ် လုပ်မယ်။ Radiation လုပ်တာကို Pelvis တနေထဲ ဖြစ်ဖြစ် Abdomen နဲ့ Pelvis နှစ်ခုလုံး ဖြစ်ဖြစ် လုပ်မယ်။
• Stage IV = Combinations of chemotherapy drugs ဆေးတွေ တွဲပေးနည်း သုံးနိုင်တယ်။ Paclitaxel (Taxol) Doxorubicin (Adriamycin) နဲ့ Carboplatin ဒါမှမဟုတ် Cisplatin ဆေးတွေ သုံးတယ်။ Cisplatin, Ifosfamide နဲ့ Paclitaxel တွေကိုလဲ တွဲတတ်တယ်။
• Papillary serous carcinoma or clear cell carcinoma ဆိုတာတွေက High-grade cancers နောက်ကျတဲ့ အမျိုးအစားတွေ ဖြစ်တယ်။ ခွဲစိတ်ရင် TH/BSO, pelvic and para-aortic lymph node dissections, and Pelvic washings တွေအပြင် Omenetectomy နဲ့ Peritoneal biopsies တွေပါ လုပ်မယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေး နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်မယ်။ Carboplatin and Paclitaxel or Cisplatin and Doxorubicin ဆေးတွေ သုံးတယ်။
• Recurrent endometrial cancer ပြန်ဖြစ်ကင်ဆာဆိုတာ အနီးအနားလဲ ဖြစ်နိုင်တယ်။ အဝေးလဲ ဖြစ်နိုင်တယ်။ Pelvis တင်ပါးဆုံမှာဖြစ်ရင် Radiation therapy ဓါတ်ကင်မယ်။ တခြားနေရာဆိုရင် အဆင့် (၄) ကုသသလို လုပ်မယ်။ Progesterone hormone therapy ဒါမှမဟုတ် Chemotherapy လုပ်နိုင်တယ်။
ကင်ဆာဖြစ်ရင် ၅ နှစ်အထိနေနိုင်သူ ရာနှုန်းဘယ်လောက်လဲဆိုတာ သတ်မှတ်ထားရတယ်။
Endometrial adenocarcinoma သားအိမ်-ကင်ဆာ ဖြစ်သူတွေမှာ -
• သားအိမ်အပြင် မပြန့်သေးသူ ၉၆%၊
• သားအိမ်အပြင် ပြန့်နေသူ ၆၆%၊
• နောက်ပိုင်းအဆင့် ရောက်နေသူ ၂၅%၊
• African American women အသားမဲ အမျိုးသမီးတွေမှာ တခြားလူတွေထက် ၁ဝ% နည်းတယ်။
5 year survival rate တိတိကျကျ အဆင့်အရ ပြောရရင် -
• I-A 90%
• I-B 88%
• I-C 75%
• II 69%
• III-A 58%
• III-B 50%
• III-C 47%
• IV-A 17%
• IV-B 15%
Uterine Sarcoma အမျိုးအစားဆိုရင် ၅ နှစ်အထိနေနိုင်သူ -
• သားအိမ်အပြင် မပြန့်သေးသူ ၅ဝ%၊
• သားအိမ်အပြင် ပြန့်နေသူ ဝ-၂ဝ%၊
အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ -
----------------
• Endometrial cancer သားအိမ်-ကင်ဆာက မျိုးပွါးလမ်းဖြစ်တာထဲမှာ အများဆုံး ဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာ လိုက်တယ်။ စောစောသိရင် ကုလို့ ရတာကို ပြနေတာ ဖြစ်တယ်။ အသက် ၆ဝ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen replacement ဟော်မုန်း ဆေးပါပေးရင် ပြန်ဖြစ်နှုန်း နည်းတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်း ကျိုးဆက်တွေကို အသေအခြာ လေ့လာရတယ်။ Heart disease နှလုံးရောဂါ၊ Heart attacks နှလုံးသွေးနည်းတာ Stroke လေဖြတ်တာ နဲ့ Breast cancer ရင်သား-ကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နဲနဲလေးနဲ့ ရက်တိုတိုသာ ပေးဘို့ လုပ်လာတယ်။ လူနေမှုအဆင့်အတန်း မြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမဲ-အမျိုးသမီး တွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆ ပိုဖြစ်တယ်။
• Ovarian cancer မျိုးဥအိမ်-ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅ဝ ကျော်မှအဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တယ်။
• Cervical cancer သားအိမ်ဝ-ကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာ နဲ့ တခုခုဆင်းတာ တွေမှာ သားအိမ်-ကင်ဆာနဲ့ တူတယ်။ သားအိမ်အဝမှာ ဖြစ်ရင် ယောက်ျားနဲ့ ဆက်ဆံအပြီးမှာလဲ သွေးထွက်လာ တတ်တယ်။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေ ဝင်တယ်။ စောစောသိအောင် Pap smears လုပ်နေသင့်တယ်။
• Vaginal cancer ဗဂျိုင်းနား-ကင်ဆာကလဲ ရှားတယ်။ အသက်ကြီးမှ ဖြစ်တတ်တယ်။ ဘာမှ လက္ခဏာ မရှိတာနဲ့ စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။
• Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလဲ နှေးတယ်။ အသက်ကြီးမှ ဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တခုခု ဆင်းမယ်။
Dr. တင့်ဆွေ
၂-၆-၂ဝ၁၁
Credit to အမျိုးသမီးနှင့်ကျန်းမာရေး
.
ကျန်းမာရေးသတင်းများ

No comments:

Post a Comment