အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 24 October 2012

စိတ်၊ အာရုံ နဲ့  သတိ

တရားအားထုတ်တာဟာ `စိတ်အလုပ်´။
`ရုပ်ရဲ့ အလုပ် ၊ အာရုံရဲ့ အလုပ် ´မဟုတ်ဘူး။ အာရုံက တရားအားမထုတ်ဘူး။ စိတ်က အားထုတ်နေတာ။

အာရုံဆိုတာဘာလဲ?
စိတ်နဲ့  တိုက်ရိုက်သိလို့ ရတဲ့ အရာ၊ အသိခံရတဲ့ သဘော၊ သိစရာကို အာရုံ လို့ ခေါ်တာ။ သိစရာကိုပဲ သိလို့ ရတာပါ။

လူတစ်ယောက်မှာ အာရုံဘယ်နှစ်ပါးရှိသလဲ? ခြောက်ပါး ရှိတယ်။သိစရာ အာရုံတွေ အများကြီး ရှိတယ်။ အာရုံတွေကို စိတ်ကသိနေတာ။ ဒါကြောင့်..
စိတ်အကြောင်းသိထားမှ အားထုတ်ရတာ အဆင်ပြေမယ်။

ိုကိုယ့်ဆီမှာ စိတ်ရှိကြောင်းဘယ်လိုလုပ်ပြီး သိသလဲ ?
စဉ်းစားတာ၊ ခံစားတာ၊ စားချင်တာ၊ အာရုံစိုက်တာတွေအရ စိတ်ရှိကြောင်း သိလို့ ရတယ်။

ကဲ ..အခု လက်အုပ်ချီထားကြည့်စမ်း။
လက်နှစ်ဖက်ထိမှန်းသိတယ်နော်၊ ဘာကြောင့် သိတာလဲ။
သတိရှိနေလို့ ၊ သတိထားလို့  သိတာ။ လက်နှစ်ဖက်ကတော့ ထိနေပြီ၊ စိတ်က တခြားဟာ စဉ်းစားနေတယ်ဆိုရင် ထိ မှန်း သိမလား။ ဒါကြောင့်..
ထိလို့  သိတာ မဟုတ်ဘူး၊ စိတ်က သတိထားနေလို့ သိတာ။

ကိုယ်သတိထားနေတာကို ကိုယ်သိသလား။
စိတ်က လက်ကို သတိထားနေရာကနေ ခြေထောက်ဖက်ကို ရွှေ့ လို့ ရမလား။
ရတယ်နော်..။ ဒီလိုရွှေ့ လိုက်တာကလည်း စိတ်ပဲ။ ဒီစိတ်နဲ့ ပဲ အာရုံပြုရတယ်။
ကိုယ်အာရုံပြုနေမှန်းသိရင် စိတ်ကို သိတာပဲ။

သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊ ကြံစည်တွေးတောတတ်တဲ့ သဘောကို` စိတ်´လို့ ခေါ်တာ။

တရားအားထုတ်တဲ့ နေရာမှာ..`အာရုံပိုင်း´နဲ့  `စိတ်ပိုင်း´ နှစ်မျိုးရှိတယ်။ အာရုံက အဓိကမကျဘူး၊ စိတ်က အဓိကကျတယ်။
အာရုံတွေက သူ့ သဘာဝအတိုင်း ဖြစ်နေပြီးသားပါ။ စိတ်က သတိရှိမှ သိတာပါ။ အာရုံကို ပွားစရာ မလိုပါဘူး၊ စိတ်ဘက်က သတိ၊ သမာဓိ၊ ဥာဏ်တွေကို ပွားများရမှာ။

အားထုတ်တဲ့ စိတ်၊ သတိထားတဲ့စိတ်၊ အလုပ်လုပ်တဲ့စိတ်က တရားသဖြင့် ဖြစ်ဖို့ လည်း လိုသေးတယ်။ ကုသိုလ်စိတ် ဖြစ်ဖို့ လည်းလိုသေးတယ်။ လိုချင်စိတ်၊ဖြစ်ချင်စိတ်အား ကြီးကြီးနဲ့ အားထုတ်ရင် `လောဘနဲ့  အားထုတ်တာ´။
မကျေမနပ် အားမရတဲ့ စိတ်နဲ့ အားထုတ်ရင် `ဒေါသနဲ့  အားထုတ်တာ ´။
သေသေချာချာ မသိပဲနဲ့  ထင်တာတွေ လျှောက်လုပ်နေရင် `မောဟနဲ့  အား
ထုတ်တာ´။

ဒါတွေကို မတရား အားထုတ်တယ်လို့  ခေါ်တယ်။ ဒီတော့ ကိလေသာတွေနဲ့  အားမထုတ်ဖြစ်အောင်ဥာဏ်၊ ဗဟုသုတ ရှိရလိမ့်မယ်။ ဒါမှ တရားအားထုတ် တဲ့ အဆင့်ရောက်မှာ။

`ဗဟုသုတဥာဏ်´၊ `စဉ်းစားဥာဏ်´၊ သဘောပေါက်တဲ့ဥာဏ်´ လို့ သုံးမျိုးရှိတယ်။ သတိတစ်ခုထဲနဲ့ မလုံလောက် ဘူး။ `သတိ သမ္ပဇဉ်´
လို့  ဘုရားဟောထားတာရှိတယ်။ ဒါကြောင့် တရားအားထုတ်ခိုက်မှာ `ဗဟုသုတဥာဏ်´ နဲ့ ` စဉ်းစားဥာဏ်´ ပါကို ပါရလိမ့်မယ်။ `သဘောပေါက်တဲ့ ဥာဏ်´ ကတော့ အကြောင်းစုံရင် ပေါ်လာ ပါလိမ့်မယ်။

လောဘ၊ ဒေါသ၊ တိုးပွားစရာ အတွေးတွေကိုတော့ မစဉ်းစားသင့်ဘူး။
ဒါပေမဲ့ ကိုယ်ဘယ်လို အားထုတ်နေလဲ ဆိုတာ ကိုတော့ စဉ်းစားသင့်တယ်။
အာရုံကိုမမဲတော့ဘူး။ အာရုံကို အဓိက မထားတော့ဘူး။ ဘယ်လိုစိတ်နဲ့  အားထုတ်နေလဲ ဆိုတာ ပြန်ပြန် စစ်တော့မယ်။

ဗဟုသုတ ဥာဏ်ရှိတဲ့ သူဟာ အာရုံတွေကို အကြောင်းပြုပြီး သတိ၊ သမာဓိ၊ ဥာဏ်ဖြစ်စေ တယ်။ ဥာဏ်အားနည်းတဲ့ သူတွေ ကျတော့ အာရုံကို အကြောင်းပြုပြီး လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေတယ်။

နှာခေါင်းက `၀င်လေ ထွက်လေအာရုံ´ နဲ့  ဗိုက်က`ဖောင်းတာ ပိန်တာ ဆိုတဲ့
အာရုံ နှစ်မျိုးမှာ ဘယ်အာရုံက ပိုကောင်းသလဲ။
ဘယ်အာရုံမှ ပိုမကောင်းဘူး။ အာရုံ ဟာ အာရုံပဲ၊ အတူတူပဲ။ ပိုကောင်းတယ်လို့  ယူဆရင် စွဲလမ်းသွားမယ်။ ဒီအာရုံ မရှိရင် မလုပ်တတ်
တော့ဘူး။ အားမထုတ်တတ်တော့ဘူး။ ကောင်းတယ်ထင်တဲ့ အာရုံကို တွေ့ ချင်နေရင် လောဘ ဖြစ်တော့မယ်။ ကောင်းတယ်ထင်တဲ့ အာရုံကို မတွေ့ ရရင် ဒေါသ ဖြစ်မယ်။ ကောင်းတယ်လို့  ထင်တာကလည်း
မောဟပဲ။

အာရုံကရှိပြီးသား ။ သတိကိုပွားရမှာ။ သတိက စိတ်ဘက်မှာ ရှိတာလေ။ အခု သတိက အားမကောင်းသေးဘူးလေ။ အဲဒီ အားမကောင်းသေးတဲ့ သတိကို ပွားရမှာ .. ဟုတ်ပြီနော် ။

ဥာဏ်အားမကောင်းဘူး၊ ၀ီရိယ အားမကောင်းဘူး၊ သဒ္ဓါအားမကောင်းဘူး၊ သမာဓိအားမကောင်းဘူ။ အဲဒီ အားမကောင်းတာတွေကို အားကောင်းအောင် မွေးတာ၊ ပွားတာကို တရားအားထုတ်တယ် ခေါ်တာ.။

သိချင်တဲ့လူက အာရုံကို မစွဲတာ့ဘူး။ ဘယ်အာရုံ ဖြစ်ဖြစ် အားထုတ်လို့ ရတယ်။ သူ့ သဘာဝ အတိုင်း ဖြစ်နေတာကို မြင်ဖို့ ပဲ ကြိုးစားတယ်။ ဖြစ်နေတာကို တစ်မျိုးတစ်ဖုံ ပြောင်းအောင် မလုပ်ဘူး။

ဒေါသဖြစ်နေရင် ဒေါသ ပျောက်သွားအောင် မလုပ်ဘူး။ ဒီဒေါသကို လက်ခံပြီး ကြည့်နေတယ်။ အဲဒီတော့ ဖြစ်အောင် မလုပ်တော့ဘူး၊ မဖြစ်အောင်လည်း မလုပ်တော့ဘူ။ ဖြစ်တဲ့ အတိုင်းပဲ သိနေတယ်၊ သူ့ ကို
မမေ့ဘူး။

အဲဒီတော့` စိုက်ကြည့်တာရယ်´ `စောင့်ကြည့်တာရယ်´ သဘောတရားချင်း
မတူဘူး။ `သတိ´ဆိုတာ...မမေ့တာကိုပြောတာ..။ အားစိုက်တာကို ပြောတာမဟုတ်ဘူး ။

ဘာကို မမေ့ရဘူးလဲဆိုတော့ `ကုသိုလ်´ကို မမေ့ရဘူး။ `မှန်ကန်တဲ့ အာရုံ´
ကိုမမေ့ရဘူး။ သဘောထားမှန်ဖို့  မမေ့ရဘူး။ တကယ်ရှိတဲ့ အာရုံက ရုပ်တရား၊ နာမ်တရားသာရှိတယ်။ `ကိုယ့်ကိုယ်ကို ကြည့်ဖို့  မမေ့နဲ့ ။ အဲဒါ အားစိုက်ရသလား ?။

မမေ့အောင် ဘယ်လို လုပ်ရမလဲ?
မမေ့အောင်လုပ်တာ နှစ်မျိုးရှိတယ်။ သတိထားတာရယ်။ သတိပေးတာရယ်။
သတိထားတာက အာရုံနည်းနည်း စိုက်ရတယ်။ ပင်ပန်းတယ်။ ထားတဲ့ အား
ကထားရင်းထာရင်းနဲ့  များလာရင် မပင်ပန်းလာဘူးလား။

နောက်တစ်မျိုးက ..သတိပေးတာ၊ကိုယ့်ကိုယ်ကို သတိပေးတာ ။
ဘာလုပ်နေလဲ?
စိတ်က ဘာဖြစ်နေလဲ?
ရုပ်က ဘာဖြစ်နေလဲ ? ... လို့ ။
မေးလိုက်တာနဲ့ ကိုသတိရှိနေတယ်။ ကိုယ့်ကိုယ်ကို မေးကြည့်လေ ....
ကိုယ့်စိတ်က ဘယ်လိုနေလဲလို့  မေးလိုက်ရင် စိတ်ကို မြင်နေပြီ။ သတိက၀င်သွားပြီ။

အချိန်တိုင်း ကိုယ့်ကိုယ်ကို သတိပေးနေရင် သတိရှိတယ်။
ကိုယ့် ခန္ဓာ နဲ့ စိတ်အကြောင်း စဉ်းစားနေရင် သတိရှိတယ် ။

[အရှင်တေဇနိယ (ရွှေဥမင်)၊ သဘောထားမှန်မှ အားထုတ်ပါ ]

No comments:

Post a Comment