အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 16 September 2012

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ



မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ
မောင်စွမ်းရည်၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

အမှန်တရားက
မိန်းမသားကို
အားဖြစ်စေအံ့။
မိန်းမတယောက်
လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်
မကြောက်မရွံ့ နောက်မတွန့်ဘဲ
အံကိုခဲ၍ ရဲကို အာခံ
သည်အားမာန်ဟာ
သူ့ထံ ဘယ်လို ရောက်သလဲ။
အမှန်တရားက
မိန်းမသားကို
အားဖြစ်စေပြီ။
လယ်သမားက
ရွှေသားမလို၊ ကြေးပြားမလို
မြေကိုပေးပါ
မြေသာ ဘဝ
မြေက ဆီဆန်
ရာသက်ပန်ပဲ
ကျည်ဆံမလို
ဆီ ဆန်လိုတယ်
မြေကို မသိမ်းကြပါနဲ့။
ကြေးနီတောင်ကို
သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို
လူကိုဖြိုလို့ ပြိုမကျနိုင်။
ကြေးနီတောင်က
ကြေးတွေရလို့
ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း
စစ်ဗိုလ်မယား
နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်
လယ်သမားမယား
ခါးစီး ဗိုက်မှောက် သဘောက်ဘဝ
လုံးဝမလွတ်
ဘောင်းဘီချွတ်လည်း မချွတ်သေနတ်
စစ်တပ်နောက်ခံ ပါလီမန်ဟာ
စစ်အလံလွှင့်ဆဲ
ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။
သစ်ကိုလည်း ရောင်း
ကျောက်မျက်ရောင်းခဲ့
မြစ်ကိုလည်း ရောင်း
တောင်ကို ရောင်းပြန်
ရောင်းရန် ငွေက
ဘယ်လောက်ရလို့ ဘယ်သူယူ
ဘယ်မူသုံးမလဲ
ရဲရဲဖြေပါ
သည်မြေမဟီ
သက်သေတည်အံ့
ဒီမိုကရေစီတခါး ပွင့်စေသား။      ။
(၂၀၁၂၊ စက်တင်ဘာ ၁၂)

Mowmakha Burmese Community News and Nedia မှ ကြိုက်နှစ်သက်လို့ ကူးယူဖော်ပြပါတယ်ရှင်

No comments:

Post a Comment