အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday 23 September 2012

အဆိုးထဲက အကောင်း

 ကျွန်မဆေးရုံတက်စဉ်က အတွေ့အကြုံလေးတစ်ခုကို တင်ပြချင်ပါတယ်ရှင် မြန်မာတိုင်းရင်းသား ဇနီးမောင်နှံတွေထဲက ဇနီးမောင်နှံ တစ်စုံအကြောင်းကို တင်ပြချင်ပါတယ်၊ သူတို့ဇနီးမောင်နှံဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ နှစ်နာရီခန့် ကားစီးရသော အကွာအဝေး အရပ်မှာရှိတဲ့ နေရာတစ်ခုမှာ ခြံလုပ်ငန်းလုပ်ကိုင်ပြီး သူများနိုင်ငံမှာ ဘ၀ရှင်သန်ရေးအတွက် ရုံးကန်လှုပ်ရှား အသက်မွေးနေထိုင် ကြပါတယ်၊ သူတို့ ဇနီးမောင်နှံ ထိုင်းနိုင်ငံကို ရောက်တာ တလလောက်ဘဲ ရှိပါသေးတယ် တနေ့တော့ သူမအမျိုးသားမှာ သွေးစုနာပေါက်တဲ့အခါ ဇနီးသည်က သူမရဲ့ခင်ပွန်းသည်ကို  ကိုယ်တိုင် ညှစ်ထုတ်ပြုစုပေးသောကြောင့် သွေးစုနာဟာ ပျောက်ကင်းသက်သာသွားခဲ့တယ်။

နောက်များမကြာမှီမှာ ဇနီးသည်ရဲ့ ညာဘက်ခြေမျက်စိအထက်နားမှာ အနာစိမ်းတစ်လုံး ပေါက်လာ သောကြောင့် ဇနီးသည်ကို တဖန်ပြန်လည်ပြုစု ညှစ်ထုတ်ပေးခြင်းဖြင့် အနာစိမ်းရဲ့ အန္တရယ်ကို ချစ်ချင်း မေတ္တာတွေ တပွေ့တပိုက်နဲ့ ပြုစုစောင့်ရှောက်ကာကွယ်ပေးခဲ့ပါတယ်.. ဒါပေမယ့် အနာကပေါက်လိုက် ညှစ်လိုက် ပြုစုလိုက် လုပ်ရင်းနဲ့ လုပ်ပါများလာတဲ့အခါကြတော့ ချစ်ဇနီးလေးရဲ့ ခြေထောက်ဖြူနုန လေးမှာ အသားကြေပြီးယောင်ရမ်းလာပါတော့တယ်..
ညာဘက်ခြေထောက် ဒူးခေါင်းမှစပြီး ရောင်ရမ်းလာသောကြောင့် ဇနီးမောင်နှံ နှစ်ယောက်ဟာ ဆေးခန်းပြဖို့ ကြိုးစားအားကြရတယ် ဆေးခန်းသွားဖို့ကလဲ အနည်းငယ်ဝေးပြီး သူတပါးတိုင်းပြည်မှာ လာရောက်အလုပ် လုပ်ကိုင်တာ တလလောက်ဘဲရှိသေးတာမို့ ငွေကြေးကလဲ အစဉ်မပြေ စတဲ့ အခက်အခဲတွေကြောင့် ဆေးခန်းပြဖို့ နှောက်နှေးနေခဲ့ရတယ်.. ဆေးခန်းသို့ မပို့မဖြစ်ပို့ရမည့် အချိန်မှာ ခင်ပွန်းသည်က ဇနီးသည်လေးကို ဂုတ်ပေါ်မှာထမ်းပြီး လိုက်ပို့ပေးခဲ့ရတယ် ငွေကြေးမပြည့်စုံမှုရဲ့ အကြိုးတွေပေါ့လေ…ဆေးခန်းရောက် ဆရာဝန်ကိုပြကြည့်တဲ့အခါ ဆရာဝန်က ထိုင်းဘာသာစကားနဲ့ ပြောတယ် ဒါပေမယ့် ဇနီးမောင်နှံဟာ ထိုင်းဘာသာစကားကို နားမလည် သည်တော့ လက်ဟန် ခြေဟန်နဲ့ ခနစောင့်ပါလို့ ပြောပြီး ဆေးရုံကြီးကို ဖုန်းဆက်တယ် ဆေးရုံကြီးကို ဖုန်းဆက်တယ်ဆိုတာကို သိတာကလဲ အရေးပေါ်လူနာတင်ကားရောက်လာမှသာ သိလိုက်ရခြင်းပါ မိမိရဲ့ မူရင်းနိုင်ငံ မူရင်းဒေသာမဟုတ်တဲ့ ဒေသမှာ အခြေချ နေထိုင်သူတွေအဖို့ ဘာသာစကားသည် ဘယ်လောက်အရေးပါသလဲဆိုတာ ဒီနေရာမှာ သက်သေပြလို့နေပါတယ် အဲဒါနဲ့ သူတို့ကို အရေးပေါ် လူနာတင်ကားပေါ်သို့ တက်ဖို့ လက်ဟန်ခြေဟန်နဲ့ ပြောတဲ့အခါမှာ သူတို့ ဇနီးမှောင်နှံက ကျွန်တော်တို့မှာ ငွေကြေးမတတ်နိုင်ပါဘူး ဒါကြောင့်ဆေးရုံကြီးမှာလဲ တက်ရောက်ပြီး မကုသနိုင်ပါဘူး လို့ body language နဲ့ပြောတဲ့အခါမှာ ဆရာဝန်က လက်ဟန်ခြေဟန်နဲ့ဘဲ ပိုက်ဆံမလိုအပ်ကြောင်း ဒီအနာသည် ဆေးရုံတင်၍ ခွဲစိပ်ကုသမှ ရမည့်အနာဖြစ်သောကြောင့် ဆေးရုံသို့ တင်ရမည်ဖြစ်ကြောင်း ခုဆေးခန်းမှာ ခွဲစိပ်ကုသဖို့ ပစ္စည်းကိရိယာ မလုံလောက်ကြောင်း ပြောပြပြီး ကားပေါ်တင်ပေးလိုက်တယ်…..

ဆေးရုံရောက်ရောက်ခြင်းမှာဘဲ အရေးပေါ်ခွဲစိပ်ကုသမှုတွေပြုလုပ်ပေးပြီး ဇနီးသည်ရဲ့ ဝေဒနာကို ဆေးရုံက ဆရာဝန်ဆရာမတွေရဲ့ကျေးဇူး ဆေးခန်းလေးရဲ့ ဆရာဝန်ရဲ့ ကျေးဇူးကြောင့် သက်သာရာ ရစေခဲ့ပါတယ်.. ဆေးရုံပေါ်မှာ မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ရင်း ဆေးကုသမှုခံယူ နေကြတဲ့ မိတ်ဆွေများနဲ့ တွေ့တဲ့အခါမှာ ကိုယ့်ဆွေမျိုးရင်းချာတွေ ပြန်တွေ့ရသလိုမျိုး ရင်ထဲမှာ ပျော်မဆုံးလဲ ဖြစ်ခဲ့ရပါတယ် သူတို့ရဲ့ပြောပြမှုကြောင့် ဇနီးသည်ရဲ့ အနာဟာ ညှစ်ပါများပြီး အသားကျေ သွားတာဖြစ်ကြောင်း ဒါကြောင့် ဆရာဝန်ဆရာမများက ခွဲစိပ်ကုသရတာဖြစ်ကြောင်းကို သိခဲ့ရတာပါတဲ့…

ကျွန်မနဲ့တွေ့တဲ့အခါ သူ့အကြောင်းကိုယ့်အကြောင်း စကားစပ်မိရင်း ပြောကြဆိုကြရင်းနဲ့ ဒီအကြောင်းလေး သိလာခဲ့ရတာမှို သူတို့ကို ခွင့်တောင်းပြီး ပြန်လည်မျှဝေတာပါ ကျွန်မလဲ သူတို့နဲ့ အတူတူ ဆေးရုံတက်ခဲ့ရတာပါဘဲ ဒါပေမယ့် အခြေနေခြင်းက မတူဘူးလေ သူတို့မှာက ရောက်တာကလဲ မကြာသေး ငွေရေးကြေးရေးကလဲ မပြည့်စုံ ဘာသာစကားကလဲ မကြွမ်းကျင် ကျမ္မာရေး ဗဟုသုတကလဲနည်းနဲ့ သူတို့မှာ ဘယ်လောက် စိတ်သောကတွေ ဝေနေမလဲ ဆိုတာကို ကျွန်မစဉ်းစားမိပြီး ကိုယ်ချင်းစာမိပါတယ်..အစဉ်မပြေမှုတွေ များတဲ့ကြားက ခုလို ကျမ္မာရေးကိစ္စ ဖြစ်လာခဲ့ပြီဆိုရင် ငွေကြေးမပြည့်စုံရင် အာလုံးပူပင်သောက ရောက်ကြရတယ်…

အဲဒီလို ဆရာဝန်ဆရာမတွေက စေတနာနဲ့ ပြုစုစောင့်ရှောက်ပေးလို့သာ ဇနီးသည်ရဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေသည့်အတွက် သူတို့ဇနီးမောင်နှံကလဲ ကျေးဇူးတင် ကျွန်မလဲ အရမ်းကို ကျေးဇူးတင်နေမိတာပေါ့ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံမှာဆိုရင် ခုလိုသာ ငွေမရှိရင် ဒီလို ခွဲစိပ်မှုမျိုး ဆေးရုံတွေမှာ လုပ်မပေးကြဘူးလေ ငွေရေးကြေးရေးမတတ်နိုင်ရင် ဆေးရုံဆေးခန်းနားကို ကပ်ဖို့ အတော်ခက်သားပါလားရှင် အခမဲ့ကုသတဲ့နေရာတွေရှိပေမယ့်လဲ ခုလို ဝေးလံခေါင်သီတဲ့နေရာကနေ မြို့ပေါ်အရောက်သွားဖို့ရာကလဲ မလွယ်ဘူးလေ ဒါကြောင့် ဘာဘဲဖြစ်ဖြစ် ဆရာဝန် ဆရာမများကို သူတို့ဇနီးမောင်နှံနည်းတူ ကျွန်မအနေနဲ့ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ် ၀မ်းလဲ ၀မ်းမြောက်ခဲ့ရတယ် ဖြေလဲ ဖြေသာခဲ့ရပါတယ် ခုလို သူများနိုင်ငံမှာ အစဉ်မပြေလို့ လာအလုပ်လုပ် ငွေရှာရင်း အခက်အခဲဖြစ်နေစဉ်မှာ ခုလိုကောင်းတာလေးတွေမြင်ရတော့ အဆိုးထဲက အကောင်းလေးတစ်ခု ကို ရယူပိုင်ဆိုင်လိုက်ရသူအဖို့မှာ ပြောမပြတတ်လောက်အောင် အတိုင်းမသိတဲ့ ပီတိလေးတွေ ယှက်ဖြာနေမည်ဆိုတာကို တင်ပြရင်းနဲ့ အဆုံးသတ်လိုက်ပါရစေလားရှင်………..

No comments:

Post a Comment