အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday, 29 September 2012

လူနာစောင့်


ကျမဆေးရုံတက်ခွဲစိတ်ကုသရန်အတွက် အစောင့်လိုအပ်လာပါသည်။ ကျမကရှမ်းစကားမတတ်ပါ။ တက်မည့်ဆေးရုံက မဲဆောက်ဆေးရုံကြီး။ သို့ အတွက်ကြောင့်အဓိကရှာရာတွင်ရှမ်းစကားဟုခေါ်သော ထိုင်းစကားတတ်ရန်ဦးစားပေး၍ မိတ်ဆွေများအကူအညီဖြင့်တွေ့ ခဲ့ပါသည်။ လူမျိုးခြား တိုင်းရင်းသူလေးပါ။ အသက် ၂၆နှစ်ဟုသူမပြော၍သိရပါသည်။ ကျမအတွက်တော့ အဆင်ပြေသွားပါပြီ။
ကျေးဇူးတင်ခြင်းများစွာဖြင့်သူမအား ကျမဆေးရုံသို့ ခေါ်ခဲ့ရာလမ်းတလျှောက်တွင်သူမ၏အဖြစ်အပျက်များကို ပြောဆိုခြင်းဖြင့် ရင်းနှီးစေခဲ့ပါသည်။ သူမစတင်ပြောပြသောအကြောင်းအရာမှာ လွန်ခဲ့သောနှစ်ရက်ခန့် က အရက်များအလွန်အကျွံသောက်၍မူးနေခဲ့ပါသည်။ ထမင်းလဲလုံးဝမစားဖြစ်ခဲ့ပါ။ ကျမကိုဆေးရုံစောင့်ပေးရမည်ဟုသိရသောညနေတွင်မှ ထမင်းလေးလုံးချက်ကိုတထိုင်ထဲကုန်အောင်စားပြစ်ခဲ့ပါသည်တဲ့။ ကျမနဲနဲဖြုန်သွားပါသည်။ ကိုယ်နှင့်အနီးကပ်နေရမည်ဖြစ်သောကြောင့်အကုန်သိရန်လိုအပ်ပါသည်။ ကျမထပ်၍မေးဖြစ်ခဲ့ပါသည်။ ဘာဖြစ်လို့ လဲဟု။ သူမဆက်၍ပြောပြသောအကြောင်းအရာများမှာ သူမသည် ၁၂နှစ်သမီးဘ၀မှစ၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ်ရောက်ရှိပြီး မိဘကိုလုပ်ကျွေးခဲ့သူဖြစ်ကြောင်း၊ ထိုနောက် အသက်မပြည့်သေးခင် အချိန် (သူမအတိအကျမပြောပါ) တွင်ထိုင်းလူမျိုးတဦး၏ မတရားပြုကျင့်ခြင်းကိုခံရပြီးထို သူနှင့်ပင်အတူတကွနေထိုင်ခဲ့ကြောင်း၊ ထိုသူသည်သူမအား တရားဝင်ပေါင်းသင်းခြင်းမဟုတ်ဘဲ တခြားတွင်လည်း ဖေါက်ပြန်ခြင်းများကို ပြုလုပ်သေးကြောင်း၊ ကိုယ်ဝန် သုံးလလောက်ရှိလာသောအခါ ထိုအမျိုးသားသည် မူးယစ်ဆေးဝါးမှုနှင့်ထောင်ကျသွားခဲ့သောကြောင့် သူမသည်မိဘများရှိရာသို့ ပြန်ရောက်ရှိလာကြောင်း၊ ခလေးမွေးပြီး မိဘများနှင့်ထားခဲ့ကာ ဘန်ကောက်တွင် အလုပ်သွားပြန်လုပ်ခဲ့ကြောင်း၊ ဘန်ကောက်တွင်ကောက်ညှင်းရောင်းခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြု၍ မိဘများနှင့်ခလေးကိုထောက်ပံ့ပေးခဲ့ကြောင်း၊ ကောက်ညှင်းမှာရောင်းကောင်းသည့်အတွက် ဆယ်ဘိန်းကားတစီးကို သုံးရက်ခန့် သာရောင်းချရခြင်းကြောင့်အလွန်တရာမှစီးပွားဖြစ်ကြောင်းတို့ ကိုစီကာပတ်ကုံးပြောပြပါသည်။ ကျမရင်သတ်ခဲ့ရပါသည်။ မပြီးဆုံးသေးပါ။
ကျမအကြောင်းရင်းတခုသိဘို့ လိုပါသေးသည်။ လွန်ခဲ့သောနှစ်ရက်ခန့် ကဘာကြောင့်မူးရသည့်အကြောင်းရင်းမပါသေးပါ။ အစဖေါ်ပေးလိုက်သော် ဆက်လိုက်လာပါသည်။ သူမမိဘများ တတိယနိုင်ငံသို့ ထွက်ခွါ ရန်အတွက် လျှောက်လွှာတင်သောကြောင့် သူမသားနှင့်သူမပါတပြိုင်တည်းလိုက်ပါရန် လျှောက်လွှာတင်ပါသည်။ သို့ သော် သူမ၏သားကလေးသည် ထိုင်းအမျိုးသားနှင့်ရထားသောကြောင့် ထိုင်းမွေးစာရင်းနှင့်ထိုင်းနိုင်ငံသားဖြစ်နေသောကြောင့် ခလေးအသက်ပြည့်ကထိုင်းနိုင်ငံပတ်စ်ပို့ စ်ဖြင့်သာသွားရမည်ဖြစ်သောကြောင့် သူမတို့ သားအမိနှစ်ဦး ကျန်ရစ်ခဲ့ပါသည်။ ထိုအချိန်တွင် သူနှင်လူမျိုးတူသူတယောက်နှင့် သူမအတူတကွနေထိုင်နေခဲ့ပါသည်။ ထိုသူ၏အသက်မှာသုံးဆယ်ကျော်ဟုဆိုပါသည်။ ခလေးသုံးနှစ်ခန့် ကစ၍အတူနေထိုင်ခဲ့ခြင်းပါ။ ယခုအခါတွင်ခလေးကခြောက်နှစ်ရှိပါပြီ။ သူမကအသက်မပြောသော်လည်းခလေးအသက်နှင့် ယှဉ်၍ ကျမတွက်ကြည့်မိခဲ့ပါသည်။ ထိုသို့ နေထိုင်ရင်းဖြင့် ထိုအမျိုးသားကိုလည်းသူမကသာလျှင်ရှာကျွေးရပါသည်။ထာသူမ၏သက်မွေးကြောင်းမှာသူမသည် လူအကြိုအပို့ လုပ်ပေးခြင်း၊ အပစ်တစုံတရာကြောင့် ထောင်ကျမည့်သူများကို ထောင်ထဲတွင်အဆင်ပြေပြေနေထိုင်နိုင်အောင်နှင့် အပစ်လျှော့ပေါ့အောင်လိုက်ပါဆောင်ရွက်ပေးခြင်း၊ မည်သူ့ ကိုမှသူမမကြောက်ကြောင်း သူမသည် ဘန်ကောက်တွင်နေထိုင်ခဲ့စဉ်က ရဲတော်တော်များများနှင့်သိကျွမ်းသည့်အပြင် ရဲအကောင်ကြီးကြီးများ၏ဖုန်းနံပါတ်များလည်းသူမတွင်ရှိနေပြန်ပါသည်။ သူမပြန်သောလမ်း၌ ရဲကသူမအားဖမ်းထားသောကြောင့် သူမက ထိုရဲအရာရှိကြီးထံဖုန်းဆက်အကူအညီတောင်းလိုက်ရာ ရဲတော်တော်များများပြုတ်သွားခဲ့ကြောင်း သူမပြန်လည်ပြောပြခဲ့ပါသည်။ ထို့ အတွက်ကြောင့် သူမက လမ်းတွင်တွေ့ သမျှရဲ အားပိုင်ကြောင်း၊ အကူအညီလို ကသူမအားအကူအညီတောင်းခံနိုင်ကြောင်းတို့ ကြောင့်သူမလူအကြိုအပို့ လုပ်ပေးနိုင်ခြင်းဖြစ်ပြီး သူမသည်စေတနာနှင့်ပေးသောပိုက်ဆံသာယူကြောင်း၊ ယခုအခါ လူတယောက်ကို နှစ်ထောင်ခန့် တောင်းနေသောခရီးကို သူမအား ငါးရာသာပေး၍ခိုင်းသော်လည်း သူမကမညီးမညူလုပ်ပေးခဲ့ကြောင်း၊ ထို့ အတွက်ကြောင့် လူတော်တော်များများက သူမကိုစိတ်ချသည့်အကြောင်းတို့ ကိုလည်းထပ်မံသိရပြန်ပါသည်။ သို့ သော်အကြောင်းရင်းကမရောက်သေးပါ။ ကျမစိတ်ရှည်ရှည်ဖြင့်နားထောင်ပေးခဲ့ရပါသည်။ ကျမယုံရခက်ခက် ဖြင့်သာနားထောင်နေရခြင်းပါ။
ဆက်ပါပြီ၊ သူမထိုလုပ်ငန်းများမှရသောပိုက်ဆံနှင့် ထိုလုပ်ငန်းမရှိပါက ဖဲရိုက်ခြင်းအလုပ်လုပ်ကိုလုပ်ကြောင်းပါသိလိုက်ရပါသည်။ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း အကုန်လုပ်ပါသည်။ သူမနှင့်အတူနေသောအမျိုးသားကလဲ အတူတကွနေထိုင်ခြင်းမှလွဲ၍ တရားဝင်လက်ထပ်ခြင်းမရှိခဲ့ပါ။ ထိုအမျိုးသားကလဲ နောက်ထပ်ရည်းစားထားခဲ့ပါသည်။ ထိုကောင်မလေးနှင့်သူ ရပ်ကွက်ထဲတွင်အကြီးအကျယ်ရန်ဖြစ်ကြပါသေးသည်။ သို့ သော် ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့ပါသည်။ သူမနှင့်အတူနေလျှင်ပင်သူမကျေနပ်ပါသည်။ အားလုံးကိုခွင့်လွှတ်ခဲ့ပါသည်တဲ့။ သို့ နှင့်ပင် အမျိုးသားက  မြ၀တီသို့ သွားရောက်အလုပ်လုပ်မည် အဆင်ပြေကသူမနှင့် သူမ၏သားကိုပင်ခေါ်ပါမည်ဟုပြောပါသည်။ သူမသွားရောက်ရန်ခွင့်ပြုခဲ့သဖြင့် အမျိုးသားသွားပါသည်။ သုံးလခန့် ကြာသော် သူမအားဖုန်းဆက်၍ သူအိမ်ထောင်ပြုတော့မည်ဖြစ်ကြောင်း ၊ ကောင်မလေးမှာ အသက်ဆယ့်ကိုးနှစ်ခန့် သာရှိကြောင်း၊ သူမအားညီမလေးတယောက်ကဲ့သို့ သာသဘောထားနိုင်တော့ကြောင်းနှင့် သူ့ တို့ မင်္ဂလာကိစ္စကိုမနှောက်ရှက်ပါရန်အကြောင်းတို့ ကိုပြောပြီး ဖုန်းပါပိတ်ထားလိုက်ပါသည်တဲ့၊ သို့ အတွက်ကြောင့်သူမမူး၍ အိပ်နေပါသည်တဲ့။ အကြောင်းရင်းပါသိလိုက်ရပြီဖြစ်သည့်အတွက်နောက်ဆုံးကောက်ချက်ချကြည့်လိုက်ရာ သူမသည်အသဲကွဲနေသည့်အတွက် ကျမကိုစိတ်ပြေလက်ပြောက်ကြည့်ရန်လိုက်ပါလာခြင်းဖြစ်၍လောလောဆယ်သူမနေထိုင်ရာနေရာမှလွတ်လမ်းရှာလာခြင်းဖြစ်ကြောင်းကိုကျမကောင်းကောင်းသဘောပေါက်သွားပါပြီ။သို့ သော်သူလဲအဆင်ပြေ ကျမလဲအဆင်ပြေဖြင့်ကျမသူမကိုခေါ်ဆေးရုံစောင့်ဖြစ်ခေါ်ခဲ့မိပါသည်။
ကျမကိုသူမဘာမှလုပ်ပေးရန်မလိုအပ်ပါ။ ရောက်ရောက်ချင်းဘာမှမလုပ်သေးသည့်အတွက် သူမသွားချင်ရာသွားနိုင်ပါသည်။ ကျမလိုအပ်သည်ကခွဲစိတ်အပြီးအချိန်ပါ။ သူမနှင့်ကျမ နေ့ လည်တနာရီခန့်် ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။ ကျမကလဲ သူအသဲကွဲနေသည့်အတွက် ရယ်မောပျော်ရွှင်စွာစကားပြောဆိုနေခဲ့ပါသည်။ သို့ သော်ကိုယ့်ဝေဒနာနှင့်ကိုယ် ခံစားနေရပါသော်
လည်း သူ၏အသဲကွဲဇာတ်လမ်း အက်ကြောင်းထပ်ကို နားညည်းအောင်နားထောင်ပေးနေခဲ့ရပါသည်။
ကျမခွဲခန်းကထွက်တော့ ဘာမှမလုပ်နိုင်တော့ပါ။ ကျမအတွက် ခေါ်လာသောအစောင့်ကိုသာလျှင်အားကိုးရတော့မည်မဟုတ်ပါလား။ သို့ သော် သူမစတင်၍ ဇာတိပြလာပါပြီ။ သူမကထိုင်းလို တတ်၍ခေါ်လာခြင်းကြောင့် မည်သည့်နေရာမှ မဆို မြန်မာများကို ဘာသာပြန်ပေးရန် သူနာပြုများကိုယ်တိုင်က ခေါ်တတ်ပါသည်။ သူမဘာသာပြန်ပေးနေခြင်းကို ကြည့်၍ ကျမလဲကုသိုလ်ရပါလားဟု ကိုယ့်ကိုယ်ကို ကုသိုလ်စိတ်လေးဝင်နေမိပါသည်။ သို့ သော် မနက်မိုးလင်း နံနက် ၇နာရီခွဲမှစပါသည်။ အမကျမ ကော်ဖီသွားသောက်အုံးမယ်နော် ကျမလဲပြောချင်စိတ်ကိုမရှိလို့  ကြည့်ရုံသာကြည့်နေလိုက်ပါသည်။ ဆရာဝန်များလှည့်လည်ကြည့်ရှုချိန်အထိပြန်မလာသေး ပါ။ နေ့ လည်၁၁နာရီထိုးခန့် ခဏပေါ်လာပြီး ထမင်းသွားစားအုံးမယ်နော် ဟုနောက်တကြိမ်ပြန်ပြောက်သွားပြန်ပါသည်။ ကျမနားတွင် နာရီဝက်ပြည့်အောင်ပင်မနေဘူးခဲ့ပါ။ ညအိပ်ချိန်တွင်လည်း ဆေးရုံလာစောင့်သော လူနာရှင်ယောင်္ကျားများနှင့်သွားထိုင်၍စကားပြောနေသောကြောင့် လင်မယားခြင်းပြဿနာတက်နေတာကိုလဲမြင်နေရပါသည်။ ထိုသို့ ဖြင့်တစ်ရက်ကုန်ဆုံးသွားခဲ့ပါသည်။ ကျမကိုယ့်ဝေဒနာကတမျိုး သူမအတွက်စိတ်ဆင်းရဲရခြင်း ကတမျိုးနှင့် တော်တော်ကိုဒုက္ခရောက်နေရပါသည်။ မနက်မိုးလင်းတော့ထုံးစံအတိုင်းကျမကို သူစ၍ ကော်ဖီသွားသောက်ရန်ပြောသောအခါ ကျမသည်းမခံနိုင်တော့သောကြောင့် ငါနင့်ကိုခေါ်လာတာ အဖေါ်ရအောင်ခေါ်လာတာ နင့်ကိစ္စတွေလုပ်ဘို့ ခေါ်လာတာမဟုတ်ဘူးဟု မျက်နှာတည်တည်ဖြင်ပြောလိုက်ပါသည်။ သူမကိုလဲထပ်မံမပြောတော့ပါ။ ဆေးလိပ်သွားသောက်အုံးမယ်ဟု တဆင့်ပြီးတဆင့်ထပ်တက်လာပြန်သည်။ ကျမလုံးဝစကားပြောချင်စိတ်ကိုမရှိတော့ပါ။သွားချင်ရာသွားစေတော့ဟုသာလျှင်ကြည့်နေလိုက်မိတော့သည်။ သူမက နေမြဲတိုင်းသာ။ ထိုသို့ ဖြင့်နောက်နေ့ မိုးလင်းပြန်ရာ ကျမနှာခေါင်းပိုက်ကြောင့် လမ်းမလျှောက်နိုင် မထနိုင်နှင့်ဖြစ်နေသောကြောင့်မထဖြစ်ခဲ့ပါ။ သူနာပြုဆရာမလေးများက မြန်မြန်ထထိုင်နိုင်အောင်လုပ်ပါ။ ဒါမှထမင်းစားရေသောက်လို့ ရမည်ဟု ဗမာလိုပင်ပြောသွားပါသည်။ သူမအားကျမ စိတ်တို၍ နောက်တကြိမ်ထပ်ပြောခဲ့ပြန်ပါသည်။ နင့်ကိုငါလိုအပ်လို့ ခေါ်ထားတာ အခုငါ့ကိုဘာဆိုဘာမှမေးပေးခြင်းမရှိလို့ ငါဘာမှမလုပ်ရတာလေ နင့်ကိုငါခေါ်လာမိတာကို က ငါမှားသွားတာဟုပြောလိုက်ပါသည်။ သူမက ဘာဆိုဘာမှပြန်မပြောပါ။ သို့ သော်နေမြဲအတိုင်းသာပင်ဆက်၍နေနေပါသည်။ ကျမလေးရက်မြောက်နေ့ ကျမအား ပိုက်အားလုံးဖြုတ်ပြီးပါပြီ။ ကျမကိုယ့်ဘာကိုယ်အားလုံးကို ညင်သာစွာလှုပ်ရှား၍ ရနေပါပြီ။ သူမကိုခေါ်ပေးသော သူကို သူမကိုယ်တိုင်ကပင် ပြန်ရန်ပြောသောကြောင့် နောက်ထပ်လူတယောက်ထပ်မံရှာပေးပါသည်။ သူမကတော့နောက်လူရောက်ရန်စောင့်နေပါသည်။ ကံကောင်းထောက်မစွာပင် နောက်ထပ်လူနာစောင့်တယောက်လျှင်မြန်စွာရရှိခဲ့ပါသည်။ ကျမစိတ်ချမ်းသာခဲ့ရပါသည်။ အကျိုးလို့ လို့ ညောင်ရေလောင်းပတ်ထမ်းနဲ့ တွေ့ ဆိုသလို ကျမကြုံခဲ့ရသည့်အပြင် ကျမပင်လျှင်နှုတ်ကြမ်း သော မိန်းမကြမ်းကြီးတယောက်ဖြစ်အောင်ပင်သူမကပြောဆိုသွားပါသေးသည်။ မိမိပြုသောလုပ်ကိုင်သော အကြောင်းတရားကိုမကြည့်ဘဲ သူတပါးအားပစ်တင်ပြောဆိုရန်ဝန်မလေးတတ်သော ထိုသို့ သောသူမျိုးနှင့် ဘ၀ဆက်တိုင်းကင်းဝေးပါစေရန်ဆုတောင်းရင်းနှင့်  စာဖတ်သူများအားလည်း ကျမမှားခဲ့ခြင်းလား ၊ သူမမှားခြင်းလားလို့ ဝေဖန်ချက်ကိုတောင်းခံရင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment