အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 10 December 2012

“““အခက်အခဲဆိုတာဘာလဲ စဉ်းစားကြည့်စမ်းပါ”””

 Kyaw Swar's photo.
“““အခက်အခဲဆိုတာဘာလဲ စဉ်းစားကြည့်စမ်းပါ”””

“ကြီးမားသည့် အဆီးအတားဟူသည် 
 သင့်မျက်စိကို ပန်းတိုင်မှလွှဲဖယ်လိုက်မိစဉ်
 မြင်ရတက်သည့် ကြောက်မက်ဖွယ်ရာတို့ကိုဆိုပေသည်။”

(ဟင်နရီဖို့ဒ်)

““စဉ်းစားပါ””

သည်ပုဂ္ဂိုလ်တွေအကြောင်း စဉ်းစားကြည့်စမ်းပါ.......

“ဖရက်ဒ်အက်စတယ်” ရုပ်ရှင်ရိုက်ရန်အတွက် စမ်းသပ်ခံသည့်အခါ MGM ရုပ်ရှင်ကုမ္ပဏီမှစစ်ဆေးသူက သရုပ်မဆောင်တက် ထိပ်နည်းနည်းပြောင်သည်။ အနည်းအကျဉ်းသာ ကတတ်သည် ဟူ၍မှတ်ချက်ပေးသည်။
အဲသည်မှတ်ချက်ပေးတုန်းက ၁၉၉၃ ခုနှစ်။အဲသည်နှစ်မှာပဲ သူနာမည်စရသည်။ သည့်နောက်တော့ ဟောလိဝုဒ်မှာ အကျော်ကြားဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်။ကမ္ဘာမှာ အက အကောင်းဆုံးပုဂ္ဂိုလ်ဟု ချီးမွန်းပြောဆိုခြင်းခံရသည်။ အက်စတယ်က MGM မှ မှတ်ချက်ကို သူ့အိမ်ရှိ မီးလင်းဖို ထိပ်တွင် အမှတ်တရ ချိတ်ဆွဲထားခဲ့သည်။

ကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်တစ်ယောက်က “ဗင်းဆင့်လွန်ဘာဒီ” ဘောလုံးမယ်မယ်ရရ မတတ် စိတ်အားထက်သန်မှုလည်းမရှိ မှတ်ချက်ချ ခံခဲ့ရသည်။
ဗင့်ဆင့်လွန်ဘာဒီသည် အမေရိကန်ဘောလုံး ( ရပ်ဂဘီ ) လောကတွင် ထူးချွန်ထင်ရှားသော အားကစားသမားတစ်ယောက်ဖြစ်သကဲ့သို့ နည်းပြတစ်ဦးအဖြစ်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည်။

“ဆော့ခရေးတီး” အားလူငယ်များကို အကျင့်စာရိတ္တပျက်စေသူဟူ၍ မလိုလားသူတွေက စွပ်စွဲခဲ့ဘူးသည်။
ဆော့ခရေးတီး၏ ကိုယ့်ကျင့်တရားဆိုင်ရာ သြဝါဒများကို ယနေ့တိုင် ကမ္ဘာက ဆည်းပူးနေရဆဲဖြစ်သည်။ ပလေတို၊အရစ္စတိုတယ် စသည့် ဆော့ခရေးတီး တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ အသိပညာဖြန့်ဖြူးပေးဝေသည့် ပညာရေးသမားကြီးများဖြစ်ခဲ့သည်။

“ပီတာဂျေဒင်နီယယ်” စတုတ္ထတန်းမှာ ရှိစဉ်က သူ့ဆရာမ မစ္စဖိလစ်က 
“ပီတာဂျေဒင်နီယယ် ၊ မင်းဟာအလကား အသုံးမကျတဲ့ ပန်းသီးပုပ်ပဲ ၊ ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ”ဟူ၍အမြဲ ပြောလေ့ရှိခဲ့သည်။
ပီတာသည် အသက်နှစ်ဆယ့်ခြောက်နှစ်အထိ စာလုံးဝမတတ်သလောက်ဖြစ်ခဲ့သည်။ သို့သော် သူ့အားသူငယ်ချင်းတစ်ယောက်က နပိုလီယန်ဟေးလ်၏ အကြံဥာဏ်ဖြင့် စီးပွားရေးစာအုပ်ကို ညလုံးပေါက် ဖတ်ပြပြီးနောက်တွင် သူ့ဘဝပြောင်းလဲသွားခဲ့သည်။ယခုအခါ သူသည် ယခင်သူအမြဲ ရန်ဖြစ်လေ့ရှိခဲ့သည့် လမ်းစုံလမ်းခွများကို ပိုင်ဆိုင်လျှက်ရှိသည်။စာလည်းကောင်းစွာ တတ်မြောက်ခဲ့ရုံမက စာအုပ်စာတမ်းများပင် ရေးသားထုတ်ဝေနိုင်ခဲ့သည်။သူ၏နောက်ဆုံးထုတ်စာအုပ်မှာ “Mrs.Phillips, You Were Wrong!” ( မစ္စဖိလစ် ဆရာမပြောတာ မှားသွားပြီ ) ဟူ၍ ဖြစ်သည်။

“လူဝီဆာမေ အယ်လကော့” အား သူမ၏ မိသားစုက 
အပ်ချုပ်သမအလုပ်၊အိမ်ဖော်အလုပ်များလုပ်ရန် တိုက်တွန်းခဲ့ကြဖူးသည်။
လူဝီဆာသည် “Little Women” ဝတ္တုအပါအဝင် လူငယ်စာပေအများအပြား ရေးသားပြုစုခြင်းဖြင့် ထင်ရှားသော စာရေးဆရာ တစ်ဦးဖြစ်လာသည်။

“ဗီသိုဗင်” သည် တယောကို အချိုးတစ်ကျ မကိုင်တက်ခဲ့၊ ထို့ပြင်တေးဂီတ နည်းစနစ်များကို ကျွမ်းကျင်အောင်လုပ်ဖို့ထက် ကိုယ်ပိုင်သံစဉ် ရေးဖွဲ့ရန်သာ အားသာနေတက်သည်။ပြီး.. သူ့ဆရာကလည်း သူ့အားတေးဂီတ ရေးဖွဲ့သီကုံးသူ (composer ) တစ်ဦးဖြစ်ဖို့ မျှော်လင့်ချက်မရှိဟု ဆိုခဲ့သည်။
သို့သော်နောင်တစ်နေ့၌ ဗီသိုဗင်သည် ကမ္ဘာ့တေးဂီတ သမိုင်းတွင် အထင်ရှားဆုံး ပါရမီရှင် ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

“အင်နရီကိုကာရူဆို” အား မိဘများက အင်ဂျင်နီယာ ဖြစ်စေချင်ကြသည်။သူ့ဆရာကလည်း သူ့မှာ အသံမရှိ သီချင်းဆိုသမား မဖြစ်နိုင်ဟု မှတ်ချက်ချခဲ့သည်။
ကာရူဆိုသည် နှစ်ဆယ်ရာစုနှစ်၏ အထင်ရှားဆုံး အဆိုတော်တစ်ဦး ဖြစ်လာခဲ့သည်။

အလားတူပင်…..
အီဗော်လူးရှင်း သီအိုရီ ၏ ဖခင်ကြီး “ချားလ်ဒါဝင်” သည် သူ့ဆရာများနှင့် သူ့ဖခင်ကိုယ်တိုင်က ဥာဏ်ရည်နိမ့်သူ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ဖန်တီးမှုအနုပညာ လောကတွင် ထိပ်သီးတစ်ဦးဖြစ်လာသော “ဝေါ့ဒစ္စနေ” သည် စိတ်ကူးဥာဏ်ခေါင်းပါးသည် ဟူသောမှတ်ချက်ဖြင့် သတင်းစာအလုပ်မှ ထုတ်ပယ်ခြင်းခံရဖူးသည်။ထို့အပြင် ကလေး၊လူကြီး တကာတို့ လာရောက်လည်ပတ်ကြသော ဒစ္စနေအံဖွယ်ကမ္ဘာလုပ်ငန်းကြီး အောင်မြင်စွာ မတည်ထောင်နိုင်မီ စီးပွားအကြိမ်ကြိမ် ပျက်ခဲ့ဖူးသည်။

ဓါတ်စက်၊လျှပ်စစ်မီးသီး စသည်တို့အပါအဝင် တီထွင်မှုပေါင်း ၁၃ဝဝ မျှပြုလုပ်ခဲ့သည့် သိပ္ပံပညာရှင်ကြီး “အက်ဒီဆင်” အား သူ့ဆရာများက အလွန်ထုံထိုင်းသူ ၊ ဘာစာမျှ သင်၍မရသူ ဟူ၍ မှတ်ချက်ချခဲ့ဖူးသည်။

နှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံး သိပ္ပံကညာကျော် “အယ်လ်ဘတ်အိုင်းစတိုင်း” သည် အသက် ၄ နှစ်အရွယ်အထိ စကားမပြောတက်ခဲ့။အသက်ခုနှစ်နှစ်သား အထိစာမဖတ်တက်ခဲ့။သူ့ဆရာကလည်း သူ့အားဦးနှောက်လေးသူ၊ပေါင်းသင်းဆက်ဆံရေး ချို့တဲ့သူ၊ရူးတူးကြောင်တောင်အတွေးများဖြင့် နစ်မျောနေတက်သူဟူ၍ မှတ်ချက်ချခဲ့ဖူးသည်။

၎င်းတို့သာမဟုတ်..
ဓါတုဗေဒ နှင့် ပိုးမွှားဗေဒ ပညာရှင်ကြီး “လူဝီပါစတာ” သည် လည်းကျောင်းနေစဉ်က သာမန်မျှသာ ဖြစ်ပြီး နောင်တွင် ပါရဂူဖြစ်လာမည့် ဓါတုဗေဒ ဘာသာရပ်၌ပင် ကျောင်းသား ၂၂ ယောက်ထဲတွင် အဆင့် ၁၅ ရှိခဲ့သည်။

ရူပဗေဒ ပညာနယ်ပယ်၌ ကြီးကျယ်လှသော သဘောတရားသစ်များကို ဖော်ထုတ်ခဲ့သူ ၁၈ ရာစု အင်္ဂလိပ်အတွေးအခေါ်ပညာရှင် သိပ္ပံပညာရှင်ကြီး “အိုက်ဇက်နယူတန်” သည်လည်း အခြေခံပညာ အဆင့်တွင် အလွန်စာညံ့သူတစ်ဦး ဖြစ်သည်။

“တွေးတောသူ ပန်းပုရုပ်”ဖြင့် ကမ္ဘာသိထင်ရှားသူ ပန်းပုဆရာကြီး “ရိုဒင်” အားသူ့ဖခင်က “ငါ့မှာ ကျပ်မပြည့်တဲ့ သားတစ်ယောက် မွေးထားရတယ်”ဟု ပြောဖူးသည်။ရိုဒင်သည် အနုပညာကျောင်းသို့ ဝင်ခွင့်လျှောက်ထားရာ သုံးကြိမ်တိတိ အပယ်ခံရသည်။သူ့ဦးလေးကမူ "ဒီကောင်က ဘာပညာမှ သင်လို့မရဘူး"ဟူ၍ မှတ်ချက်ချသည်။

“စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္တုကြီးဖြင့် ကမ္ဘာကလေးစားရသော ရုရှားစာရေးဆရာကြီး “တော်စတွိုင်း” သည်ကောလိပ်ကျောင်းမှ တစ်ဝတ်တစ်ပျက်နှင့် ထွက်ခဲ့ရသူဖြစ်သည်။သူ့အား စာသင်၍မရ၊ စာသင်ချင်စိတ်လည်း သူ့မှာမရှိဟူ၍ မှတ်ချက်ချခြင်းခံခဲ့ရသည်။

မော်တော်ကားပညာရှင် အမေရိကန်စက်မှုလုပ်ငန်းရှင် သူဌေးကြီး “ဟင်နရီဖို့ဒ်”သည် အကြီးအကျယ်ချမ်းသာကြွယ်ဝသည့် အဆင့်မရောက်မီက ငါးကြိမ်တိတိ စီးပွားပျက်ခဲ့ဖူးသည်။

နှစ်ဆယ်ရာစုပထမပိုင်းကာလ၏ အထင်ရှားဆုံးလူသားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူ “ဆာဝင်စတန်ချာချီ” သည်ခြောက်တန်းတွင် စာမေးပွဲကျခဲ့သည်။ဘဝသက်တမ်း တစ်လျှောက်လုံးလည်း နိုင်ငံရေးနယ်ပယ်တွင် ရှုံးပွဲတွေ အလီလီ ဆင်နွှဲခဲ့ရပြီး အသက်၆၂ နှစ်တွင် ဗြိတိသျှ ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။

“ယောနသံစင်ရော်” ဝတ္တုဖြင့် ကမ္ဘာကျော်ခဲ့သည့် စာရေးဆရာ “ရစ်ချက်ဘတ်” သည်အစပိုင်းက သည်ဝတ္ထုလေး တစ်ပိုက်ပိုက်နှင့် စာအုပ်တိုက်တကာလည် ခဲ့ရသည်။ထုတ်ဝေသူ ၁၈ ဦးတိတိက သူ့စာအုပ်ကို ငြင်းပယ်ခဲ့သည်။၁၉၇ဝ ခုနှစ်တွင်မှ မက္ကမီလန် စာအုပ်တိုက်မှ လက်ခံထုတ်ဝေခဲ့ရာ အကြီးအကျယ် အောင်မြင်ကျော်ကြားသွားခဲ့ပြီး နောက်ငါးနှစ်အတွင်း အမေရိကန်တစ်ပြည်တည်းမှာပင် အုပ်ရေခုနှစ်သန်းကျော် ရောင်းချခဲ့ရသည်။

အလားတူ… အလားတူ… အဲသည်လို ပုဂ္ဂိုလ်မျိုးဖြစ်ရပ်တွေ အများအပြားပင်ရှိပါသည်။

ထို့ကြောင့် အကယ်၍ သင့်မှာ လောလောဆယ်မအောင်မြင်မှု၊ ဆုံးရှုံးမှုများ ကြုံနေရသည်ဆိုငြားအံ့၊ ထို့အတွက် စိတ်ပျက်လက်လျှော့လိုစိတ်များ လည်းဖြစ်ပေါ်မည်ဆိုငြားအံ့၊ သည်ပုဂ္ဂိုလ်တွေ အကြောင်းတွေကာ ၊ ထို့နောက်သူတို့အကြောင်းတွေ အသေးစိတ်လိုက်လံလေ့လာကာ၊ စိတ်သစ်အားသစ်တွေ မွေးပြီး ကြိုးစားစမ်းပါဟု အကြံပေးလိုက်ချင်ပါသည်။

:Presented by @[100000650313098:2048:Kyaw Swar]
########################################

Jack Canfield နှင့် Mark V.Hansen  တို့၏  "Consider This "
Original Translator : ဖေမြင့် ( နှလုံးသားအဟာရ ရသစာပေများ )
Original pdf maker : ဂျစ်တူး ( Myanmar People Forum )

No comments:

Post a Comment