အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Friday 21 December 2012

မိသားစုတိုင်းကို သိစေချင်သည်



လက်ဖက်ရည်စကားဝိုင်း၌ဖြစ်သည်။ ထိုစကားဝိုင်းတွင် “စာဖက်နာမှ ဘဝသာမည်” ဆိုသည့်အကြောင်းပြောနေကြ၏။စကားပြောဖော် မိတ်ဆွေတစ်ဦးက “ဘွဲ့ရစာတက်ပြီး စာဖတ်ကြပေမဲ့လည်း မချမ်းသာကြပါဘူးဗျာ။ စာအုပ်ကြီးအတိုင်းနေထိုင်ကြပြီး ဆင်းရဲမြဲဆင်းရဲနေကြတာ တွေ့ဖူးတယ်”။ ဆက်လက်ပြီး ထိုလူက “စာတွေဖတ်လည်းအလကားပဲ။ ကျွန်တော်မေးမယ်ဗျာ လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုစာတွေဖတ်ပြီး ချမ်းသာလာတာကိုတွေ့ဖူးလား၊ ဒါမှမဟုတ် စာမဖတ်ခဲ့ကြလို့ ဆင်းရဲဒုက္ခရောက်သွားတာကို လက်တွေ့သာဓကပြနိုင်မလား။ လိုတိုရှင်းပဲပြောစေချင်တယ်” ဟုဆိုလာသည်။

ထိုလူသည် အသက် ၄၀ အရွယ်ခန့်ရှိ၏။ အနည်းငယ်ချမ်းသာကြွယ်ဝသော်လည်း (၁၀)တန်းအထိပညာ သင်ယူခွင့်ရခဲ့၏။ သို့သော်စာဖတ်ဝါသနာမပါခဲ့။ သူသည်လက်တွေ့သမားတစ်ဦးလည်းဖြစ်၏။ ထိုသူ၏အဖော်နံဘေးမှ လူတစ်ယောက်က “အတိတ်တစ်ချိန်က ကျွန်တော်တို့မြန်မာတွေဟာ စာမဖတ်ခဲ့ကြလို့၊ ခေတ်ပညာမတတ်ခဲ့ကြလို့၊ အသိပညာ၊ အတတ်ပညာ မကြွယ်ဝခဲ့ကြလို့ သူတစ်ပါးနိုင်ငံရဲ့လက်အောက်ကို နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့ကြတယ်မဟုတ်ဘူးလား။ အဲဒီလိုကျွန်ဖြစ်သွားတဲ့ မိမိနိုင်ငံကို စာဖတ်ခဲ့ကြတဲ့ ပညာတတ်လူငယ်တစ်စုက ဦးဆောင်ခဲ့လို့ “လွတ်လပ်ရေး” ကိုအရယူခဲ့တယ်ဆိုတာကို လက်ခံတယ်နော်” ဟု လိုရင်းကို တိုရှင်းစွာဖြေကြားခဲ့သည်။ ဤသို့ရှင်းပြလိုက်မှ မိတ်ဆွေသည်သဘောပေါက်သွားပြီး ဘဝင်ကျသွားဟန်တူ၏။

လူ့ဘဝ၌မသိခြင်းသည် ကြောက်စရာကောင်း၏။ မသိခြင်းကြောင့် အရာရာကိုဆုံးရှုံးရ၏။ ဒုက္ခတွေနဲ့သာရင်ဆိုင်နေကြရ၏။ လူဖြစ်ရကျိုးလည်းမနပ်။ သိခြင်းဆိုသောအသိရှိမှသာ အရာရာကိုအောင်နိုင်၏။ ထိုအသိပညာကို စာပေမှတစ်ဆင့်ရရှိနိုင်၏။ အခြားလမ်းမှမရရှိနိုင်။ စာကိုဖတ်မှတ်လေ့လာပြီး လက်တွေ့ဘဝကို ကျင့်သုံးတည်ဆောက်လျှင် အရာရာကိုအောင်နိုင်ပါသည်။

ပြောချင်သည်မှာ…
***လူ့ဘဝတွင် အသိပညာသည်အရေးကြီး၏။ အသိပညာမရှိပါက လူသည်အမှား၊ အမှန်ကို မခွဲခြားနိုင်တော့။ အမှားအမှန်ကို မခွဲခြားနိုင်ပါက အလွဲလွဲအချော်ချော်တို့သာဖြစ်ကုန်၏။ အရှုံးနှင့်ချည်း ရင်ဆိုင်ရတတ်၏။ ထိုအသိဥာဏ်ပညာရှိမှ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်၏။ ထို့ကြောင့် လူဘဝတွင် အသိပညာသည် မရှိမဖြစ်လိုအပ်၏။ အဆိုပါ အသိဥာဏ်ပညာ စီးဆင်းရန် လူ့ဦးနှောက်ဖွံ့ဖြိုးဖို့လို၏။ လူ့ဦးနှောက်ဖွံ့ဖြိုးရန်အတွက် စရိတ်စကအသက်သာဆုံး၊ အချိန်ကုန်သက်သာဆုံးနှင့် လွယ်ကူမှုရှိသောအလုပ်သည် စာဖတ်ခြင်းပင်ဖြစ်၏။***

ဘဝဆိုသည်မှာ အလုပ်ဖြစ်သည်။ စာဖတ်ခြင်းသည်လည်း အလုပ်တစ်ခုဖြစ်ပေရာ မည်သည့်အလုပ်မှမလုပ်စေဦးတော့ စာဖတ်ခြင်းဖြင့် အဖိုးတန်သောအချိန်များကို ကုန်ဆုံးစေသင့်သည်။ ပြောရလျှင် လူငယ်တစ်ယောက်ကို အများပိုင်စာကြည့်တိုက် (သို့မဟုတ်) ကိုယ်ပိုင်စာကြည့်တိုက်ထဲသို့ထည့်လိုက်ပါက မကြာမီ ထိုလူငယ်သည် ယဉ်ကျေးသွားတော့၏။ လူကောင်း၊ သူကောင်းဖြစ်လာတော့၏။ လူချွန်လူကောင်း ဖြစ်လာတော့၏။ ရဲစွမ်းသတ္တိရှိလာတော့၏။ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်လာတော့မည်။ စာဖတ်ဝါသနာကို ပျိုးထောင်လိုက်ခြင်းသည် လူတစ်ယောက်၏ဘဝကို တိုးတက်သွားစေသည်သာမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်နိုင်ပါသည်။

***“စာမဖတ်တဲ့လူမှာ အနှစ်ရှိတဲ့ဦးနှောက်မရနိုင်။ ဆင်ခြင်မြော်မြင်ဥာဏ်လည်းမရင့်သန်နိုင်။ စာနာထောက်ထားတတ်တဲ့ နူးညံ့တဲ့နှလုံးသားလည်းမရှင်သန်နိုင်”***

အသိပညာ၊ အတတ်ပညာမရှိသောမိသားစုသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆုံးရှုံးရ၏။ ထိုသို့အရာရာကို ဆုံးရှုံးနေသော မိသားစု၏ အနာဂတ်အလားအလာသည်လည်း မကောင်းနိုင်ပေ။

ဤသို့မဆုံးရှုံးရအောင် အသိပညာ၊ အတတ်ပညာရှိဖို့လို၏။ အသိပညာ၊ အတတ်ပညာရှိဖို့ကလည်း“စာ” ဖတ်ရုံမှတစ်ပါးအခြားလမ်းမရှ
စာဖတ်ခြင်းကြောင့် အသိပညာအမြင်များကျယ်ပြန့်လာ၏။ ပညာရေး၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာ၏။ ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်ရန် ဖြစ်သလိုနေထိုင်သည့်အဆင့်မှ တင့်တောင့်တင့်တယ် နေထိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်၏။ ထို့ကြောင့် မိသားစုတိုင်း စာများများဖတ်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။
[မြောက်ပြင်တော်က-ကိုရွှေမော် (၁၁-၁၂-၂၀၁၂)နေ့ထုတ် ရတနာပုံသတင်းစာမှ] နှလုံးသားအာဟာရ

No comments:

Post a Comment