အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday 13 December 2012

အသိဥာဏ် ရှိတဲ့ အချစ်၊ အသိဥာဏ် မရှိတဲ့ အချစ်



အချစ်မှာ အသိဥာဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥာဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသိဥာဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါ တစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥာဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော် ပါတယ်။

အသိဥာဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူတို့ ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာ နဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥာဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥာဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥာဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထား ရမှာပါ။ ဘ၀မှာ အသိဥာဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥာဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥာဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
(အနှိုင်းမဲ့ စာတိုပေစများ)

No comments:

Post a Comment