အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 25 December 2012

တကယ့်ရှက်စရာ



လောကမှာ အရှက်လွဲနေတဲ့သူတွေ တော်တော်များပါတယ်။ ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး ရှက်ရမယ့်အရာတွေကျတော့ မရှက်ဘဲ ဖြစ်နေတတ်တာတွေ အများကြီး ရှိပါတယ်။ လောကီနယ်ပယ်မှာ ရှိနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊မပြည့်စုံမှု၊ ပညာတတ်မှု၊မတတ်မှု၊ ဂုဏ်ရှိမှု၊မရှိမှုတွေဟာ တကယ်တော့ ရှက်စရာတွေ မဟုတ်ဘဲ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊ လောက၀တ်တွေ ဖောက်ပြန်တာ၊ ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။

ပိုပြီး ရှက်စရာကောင်းတာက ကိုယ်အမှားလုပ်မိတာကို မသိဘဲ အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့ ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။ ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက် ဘယ်သူမှ မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာပဲဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။

ရှက်တတ်မယ်ဆိုရင်…
အရက်မသောက်တဲ့ သူတွေက အရက်သောက်တာ တစ်ခုလောက်ကိုပဲ ရှက်စရာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရှက်တတ်မယ်ဆိုရင် အရက်သောက်တာမှ မဟုတ်ပါဘူး။ မကောင်းမှုမှန်သမျှ ရှက်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

သူ့များအသက်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများသားမယား ပြစ်မှားတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိမ်ညာပြောဆိုတာ စတာတွေဟာလည်း ရှက်ရမယ့် အရာတွေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ဦးနဲ့ တစ်ဦးအဆင်မပြေဖြစ်အောင် ဂုံးတိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားကိုပြောဆိုတာ၊ သူ့အတွက်လည်း အကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးကို ပြောဆိုတာ စတာတွေကလည်း ရှက်စရာတွေပါပဲ။ ပြီးတော့ သူတပါးအပေါ် အဘိဇ္ဈာပွားတာ၊ သူတပါးစည်းစိမ်ဥစ္စာ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ၊ အယူဝါဒ လွဲမှားတာတွေဟာလည်း ရှက်စရာတွေထဲမှာ ပါနေပါတယ်။ ဒီလို မကောင်းတဲ့ အလုပ်တွေနဲ့ ပျော်မွေ့နေတာတွေကမှ တကယ့်ရှက်စရာတွေ ဖြစ်နေတာပါ။

ဒါကြောင့် ကိုယ်တကယ် ရှက်ရမယ့် အရာတွေမှာ မရှက်ဘဲ မရှက်ရမယ့် အရာတွေမှာ ရှက်နေတတ်တဲ့ အရှက်လွဲနေသူတွေ အနေနဲ့ လွဲနေတာတွေကို အချိန်မီ အသိဝင်ကာ ရှက်သင့်တာတွေကို ရှက်ပြီးရှောင်ရှားနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။
မနာပဒါယီ(အရှင်ဝိစိတ္တ)

No comments:

Post a Comment