အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 4 December 2012

တမလွန်ဘ၀မှ အချစ်ကြီးသူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်ေ

နသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။
တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ကိုဒေါင်းစိန်၏ဂျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ကိုဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။ ကိုဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့ လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ် တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသောယာဉ်မောင်းသမားလေး ဒေါင်းစိန်နဲ့
 ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲ ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသား အနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ် တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် က လဲ အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊ သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက် လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေး မှာ နေရာချန် ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့ အသံကို ကြားလိုက်ရသဖြင့် နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။
သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီ ချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊
အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည် ထားပေး အုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချို ဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက် သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။
သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ် ထား လိုက်သည်။

သို့နှင့် မည်သူမျှ အသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။
“နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကို ရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ် ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊
ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီး သည် မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။ မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသော လမ်းပေါ် ၀ယ် ဒေါင်းစိန်၏ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှလိုက်ပါလာရသည်ကိုပင်ပီတိဖြာလျက်တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေ ရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။
ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီး တစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့ မနက်တွင် နန်းစင်ချို တစ်ယောက် သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက
နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက် ဆိုကြခြင်းကြောင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ် ကိုင်နေကြောင်းတွေ့ရသည်…။
တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည်။
နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း
တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အသိပဲလေ။ပြီးတော့ သေရ တာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ နေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့်မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်က ကျသေတဲ့နေရာ ကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊
မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာ ခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏အိမ်သို့ချဉ်းကပ်လိုက် သည်။ မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထား သည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။
ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်။ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် ။
သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…။

ထိုစဉ် ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန် တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။ မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့ မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲ သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။
သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပါအုန်း မင်းတို့သရဲမကိုတွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူး ဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြရသည်။
အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့် မိမိအိမ်အပေါ်စွဲလမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊
ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး
တစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊
နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊
မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများဖြစ်သောကြောင့် ဤကိစ္စကို
မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊
လင်ခန်းမယားခန်းအနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်၊
တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမ ကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာ ဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။
သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကို ဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော်မည့်နေရာတွင်
ဆိုင်ခန်းများပင် ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏ ယောကျာင်္းဖြစ် သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပုံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ် သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း
ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်း ဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့်
့် ကြည့်ရှု့သူအားလုံး တအံ့တသြဖြစ်သွားကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့ လိုက်ကြလေတော့သည်…။

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန် ၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက် ထုတ်စရာ ပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ချိမ့်မည်။
Aye Minn's photo.

ref:Lon Ely

No comments:

Post a Comment