အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Thursday 27 December 2012

‘အချစ်ကံကောင်းစေတဲ့ နည်းလမ်းများ’

‘အချစ်ကံကောင်းစေတဲ့ နည်းလမ်းများ’

အရှင်ဘုရား……..
အရှင်ဘုရားရေးတဲ့ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ဆောင်းပါးကိုဖတ်ပြီး စိတ်အားထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့နေမိပါတယ်ဘုရား၊ အချစ်ရေးမှာ ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင် ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော်မူပါဘုရား…  
									မယမင်းဇော်၊ ဒုတိယနှစ်-သတ္တဗေဒ
မယမင်းဇော်……
မယမင်းဇော်က အချစ်ကံကောင်းနည်းကို သိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်။ ဘာမှမခက်ပါဘူး။ အချစ်ကံကောင်းချင်ရင် ‘အချစ်ကံကောင်း’ ဆိုတဲ့စကားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ ပြောင်းပြန်လှန်လိုက်တော့ ‘အကောင်းကံချစ်’ ဖြစ်သွားတာပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။

	အကောင်းကံဆိုတာ ကုသိုလ်ကံကို ပြောတာပါ။ ကုသိုလ်ကံဆိုတာလည်း ကောင်းတဲ့အလုပ် တွေကိုလုပ်တဲ့ ကုသိုလ်ကံရယ်၊ မကောင်းတဲ့ အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပါတယ်။ 

	ကောင်းတဲ့အလုပ်တွေတော့  အများကြီးလုပ်နေပါတယ်၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့အကုသိုလ် အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေမယ်ဆိုရင် ကိုယ့်ရဲ့ကုသိုလ်ကံဟာ ပြည့်စုံတဲ့ကုသိုလ်ကံ မဟုတ်တော့ပါဘူး၊ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော ‘ကုသိုလ်ကံ နှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ‘အကောင်းကံ’ ဆိုတဲ့စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ အဲဒီ အကောင်းကံနှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံ နှစ်မျိုးပြည့်စုံနေရင် အချစ်ကံ သေချာပေါက်ကောင်းပါတယ်။

	‘အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်’ ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လို အကုသိုလ်ကံကြောင့်  အချစ်ကံခေရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေတဲ့ အကုသိုလ်ကိုရှောင်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခါလောက်တော့ ဖတ်ဖြစ်အောင် ပြန်ဖတ်စေချင်ပါတယ်)

	လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံ မရှိလို့မဟုတ်ပါဘူး။ အဆိုးကံရှိနေလို့ပါ။ အဆိုးကံသာ မရှိရင် အဆိုးတွေ လုံးဝ မကြုံတွေ့ရပါဘူး။ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့် အလုပ်တွေကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့ အလုပ်ပါပဲ။

	အချစ်နဲ့ ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သတ်ပြီး အဆိုးကံတွေ အတိတ်ကကျူးလွန်ခဲ့လို့ပါ။ အတိတ်ကဆိုတဲ့ နေရမှာ ရှေးဘဝက အတိတ်ကံတွေပါသလို၊ ယခုဘဝရဲ့ ရှေ့ပိုင်းအတိတ်တွေလည်း ပါပါတယ်။ အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ်အိမ်ထောင်ဖက်အပေါ်မှာ တစ်ခြားတစ်ယောက် သို့မဟုတ် တစ်ခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံတွေကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ဘဝ သေချာပေါက် အချစ်ကံခေနေမှာပါပဲ။

	အချစ်ကံမခေစေချင်ဘူး၊ အချစ်ကံကောင်းချင်တယ်ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့ လိုပါတယ်။ ကိုယ့်မှာ ‘ချစ်တယ်’ လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်တာမျိုး၊ ဘာလိုလို ညာလိုလိုရောတာမျိုး ရှောင်ကြဉ်ရပါမယ်။

	တစ်ဖက်သားအပေါ် ရင်ထဲက တစ်ကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ကိုယ့်အပေါ် ကြွေသွားအောင် စတာ၊နောက်တာမျိုး၊ မျှော်လင့်ချက်ပေးတာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကိုခံစားသွားရအောင် ကလိတာ၊ရိတာမျိုး၊ ပျော်သဘောနဲ့ လူတစ်ကာအသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြားထဲ တလွဲဂုဏ်ယူစိတ်တွေနဲ့ မြာပွေတာမျိုး၊ ရှုပ်တာမျိုး၊ ကြွားတာမျိုး၊ ရည်းစားတွေထည်လဲတွဲပြီး ပျော်ကြံတာမျိုး၊ ပုံလာလာ ပြောတိုင်းယုံတတ်တဲ့ အယုံလွယ်သူများ အပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ မဆွတ်ခင်က ညွတ်ချင်နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံကြံတာမျိုး၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် စားပြီးနားမလည် မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး….. စတဲ့ …. စတဲ့…. အချစ်သူခိုး အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့ စိတ်ဓါတ်တွေနဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ 

           (ကိုယ်က အချစ်ကံကောင်းချင်လား…? မကောင်းချင်ဘူးလား……? ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါ။ အချစ်ရေးမှာ ကံမကောင်းချင်တဲ့လူ ဒီလောကမှာ ရှိမယ်မထင်၊ ကိုယ်ကအချစ်ကံကောင်းသူ ဖြစ်ချင်တယ်ဆိုရင်တော့ လိုက်နာစောင့်ထိန်းနိုင်ရပါမယ်။ ကိုယ်ထိန်းနိုင်သလောက် ထိန်းလေလေ အချစ်ကံကောင်းလေပဲပေါ့။ ကိုယ်က အချစ်ရေးမှာတော့ ကံကောင်းချင်တယ်၊ ကံကောင်းစေတဲ့အရာတွေကိုတော့ မလုပ်ချင်ဘူးဆိုတာတော့ တရားလား၊ မတရားဘူးလားဆိုတာ ကိုယ့်ကိုကိုယ်ပဲ မေးခွန်းထုတ်လိုက်ပါ။) 

အိမ်ထောင်ကျပြီးသားသူတွေ အနေနဲ့ကတော့ အခုပြောတဲ့ အချစ်ရေး ဖောက်ပြန်ခြင်းကိုသာမက အိမ်ထောင်ရေး ဖောက်ပြန်ခြင်းတွေပါ ရှောင်ကြဉ်ကြရပါမယ်။ တရားဝင် ထိမ်းမြားလက်ထပ်ထားတဲ့ ကာမပိုင်ပုဂ္ဂိုလ်ကလွဲရင် ဘယ်သူတစ်ဦး တစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမူ၊ အပျော်အပါးလိုက်စားမူ မပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောက်အယှက် ဖြစ်စေမယ့် အချစ်ဥပဒေနဲ့ ညှိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှကို လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။ ကင်းရှင်းနိုင်သမျှ ကင်းရှင်းလေ အချစ်ကံကောင်းလေပါပဲ။ 

ကာမေသုမိစ္ဆာစာရကံ (ကာမဂုဏ်မှားယွင်းမှုကံ) နဲ့                 ပရဒါရကံ (သူတစ်ပါးသားမယား၊ လင်ယောက်ျား)ကို ကိုယ်နဲ့၊  နှုတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်နိုင်လေ.. အချစ်ကံကောင်းလေပါပဲ။

အချစ်ကံဆိုးစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သဝန်တိုခြင်းပါပဲ။ သို့မဟုတ် ချစ်သဝန်ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တစ်ခြားတစ်ယောက် သို့မဟုတ် တစ်ခြားအယောက်ပေါင်းများစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ဖြူစင်တဲ့ မေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှူဆိတ်ဖြစ်ပြီး ဒီလူနဲ့ မပေါင်းရ၊ ဟိုလူနဲ့ မခင်ရ၊  ဘယ်ဝါနဲ့ မပတ်သက်ရ၊ စတဲ့ မနာလို စကားတွေပြောကြားနေတာ၊ သဝန်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေစေကြောင်း မကောင်းမှု အကုသိုလ်ကံတွေ စုဆောင်းနေတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ရိုးသားဖြောင့်မတ် သန့်စင်စွာ ချစ်ခင်နေတာကြသူတွေကို ချစ်ခင်မှုပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။

               တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မူပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။ 

ပြီးတော့ ကိုယ်တစ်ဖက်သတ် ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာနဲ့ပဲ၊ တစ်ခြားဘယ်သူ့မှ မချစ်ရဘူး။ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်။ ဆက်ချစ်မရအောင် နှောက်ယှက်ပစ်မယ်ဆိုတဲ့ စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။

           ‘အလှဝန်တို မငြင်ငြိုနှင့်’ ဆိုတဲ့ ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင်း ပြောရရင် ‘အချစ်ဝန်တို မငြင်ငြိုနှင့်’ လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာ သူတို့ရိုးရိုးသားသားပဲချစ်ချစ်၊ ဆန်းဆန်းပြားပြားပဲချစ်ချစ်၊ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ်၊ ချစ်နေကြတာကို ကိုယ်ကကြားထဲကနေရင်း မနာလိုဝန်တိုဖြစ်ပြီး ချစ်ခြင်းကိုသွားခွဲရင် သူတို့ချစ်ခြင်းကွဲကွဲ မကွဲကွဲ အနှောက်အယှက်ဖြစ်သွားရင် ကိုယ့်နှလုံးသားထဲမှာတော့ အချစ်ကံမွဲဆေး ဖော်စပ်ပြီးသား ဖြစ်သွားပါပြီ။

      ‘ချစ်ခြင်းကိုမခွဲပါနဲ့’ (ချစ်နေကြသူကြား ကာယကံ၊ဝစီကံ၊မနောကံနဲ့ နှောက်ယှက်ခြင်း)၊ ‘ကုန်းတိုက်စကား မပြောဆိုပါနဲ့’ ဆိုတဲ့ ဝစီဒုစရိုက်သိက္ခာပုဒ် (ပိသုဏဝါစဝိရတိ သိက္ခာပုဒ်)ဟာ ချစ်သူရည်းစားအချင်းချင်း၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့ဒကာ၊ ညီအစ်ကို၊ မောင်နှမအချင်းချင်း၊ ဘယ်လိုချစ်ခင်ကြသူ အချင်းချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ပြောတာပါ။

သူများချစ်ခြင်းခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ ကမ္မနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ်ကိုပြန်မချစ်၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူမနေရ၊ ချစ်တဲ့သူနဲ့ ဝေးနေရ၊ ကွဲကွာသွားရ၊ တစ်ချို့အိမ်ထောင်ကျပြီးတာတောင် အတူတူမနေရ၊ ကိုယ့်အိမ်ထောင်ဖက် ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာမရှိ၊ ကိုယ့်ကိုမြတ်မြတ်နိုးနိုး ချစ်မယ့်သူမရှိ၊ ကြိုက်မယ့်သူမရှိ၊ ကိုယ့်ကိုကြင်ကြင်နာနာ ဂရုစိုက်မယ့်သူမပေါ်၊ မိဘမေတ္တာ၊ မောင်နှမမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊ ညီအစ်ကို မောင်နှမအချင်းချင်းမတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊ ဒါတွေအားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ။

ကိုယ်လိုချင်တာ အချုပ်အနှောင်မဲ့အချစ်များ ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ်ကင်းတဲ့၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်းမေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ 

           ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင်ကြည်နူးခွင့်ရမှာမို့ သူတစ်ပါးအပေါ် အဓိပါယ်မဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ စိတ်ယုတ် စိတ်ပုတ်ကို နှင်ထုတ်ဖယ်ရှားပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။
ရှောင်စရာအဆိုးကံတွေ အထိုက်အလျောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်း ပြောကြတာပေါ့။ 

အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံးကတော့ မေတ္တာတရား လက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ပြီး ကံအကျိုးပေး ကောင်းလေပါပဲ။ မေတ္တာကြီးလေ အချစ်ကံကောင်းလေပေါ့။

မေတ္တာက ပွားမေတ္တာနဲ့ ထားမေတ္တာ လို့နှစ်မျိုးရှိပါတယ်။           ကျန်းမာချမ်းသာကြပါစေ ဆိုပြီး  စိတ်ကနေ၊  ဒါမှမဟုတ် အသံထုတ်ပြီး မေတ္တာပို့နေတာကို ပွားမေတ္တာလို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက်၊ ဝစီကံမြောက် နှုတ်ထိပါးစပ်ရောက် ကူညီဆောင်ရွက်ပေးတဲ့ မေတ္တာကို ထားမေတ္တာလို့ ခေါ်ပါတယ်။
ပွားမေတ္တာရော ထားမေတ္တာရော မေတ္တာနှစ်မျိုးလုံးနဲ့ ပြည့်စုံမှအချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာထက် ထားမေတ္တာက ပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက သို့မဟုတ် နှုတ်က ကျန်းမာချမ်းသာပါစေလို့ တဖွဖွ မေတ္တာပို့နေပေမယ့်၊ တစ်ကယ့်လက်တွေ့မှာ သူတစ်ပါးစိတ်ဆင်းရဲစေမယ့် အပြောအဆို အပြုအမူတွေ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို အပြုအမူတွေ ပြောဆိုပြုမူနေမယ်ဆိုရင် နောင်ဘဝဆိုတာ အသာထား၊ အခုလောလောဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။

        ကျွန်တော်၊ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာထားနိုင်ပါတယ်လို့ စကားတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေးကြော်နေပေမယ့် တကယ့်လက်တွေ့မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲပြော၊ အဆိုးမြင်တဲ့ လုပ်ရပ်တွေပဲ လုပ်နေတဲ့သူတွေဟာ ပစ္စုပန်ဘဝရော၊ သံသရာဘဝတွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူ မရှိနဲ့ အချစ်ကံခေပြီး ဝမ်းနည်းအားငယ်နေရမှာပါ။
မေတ္တာတရားကို လူချစ်ဆေး၊ နတ်ချစ်ဆေးလို့ ပြောတာဟာ မေတ္တာပို့သရုံသက်သက် တစ်ခြမ်းပဲ့ မေတ္တာသမားတွေ အတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း မေတ္တာပို့သ၊ တစ်ဖက်ကလည်း  လိုသူ၊မလိုသူ မခွဲခြား၊ အလွှာမရွေး လူတန်းစားမရွေး၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက်၊ နှုတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ အပြည့်အဝ မေတ္တာသမားတွော၊ တင်းပြည့်မေတ္တာသမားတွေ အတွက်ပြောတာပါ။ ကိုယ့်အပေါ် လိုသူမပြောနဲ့၊ မလိုလားသူရဲ့ အပေါ်မှာတောင် မေတ္တာထားနိုင်အောင် ကြိုးစားရပါမယ်။ ဒါတွကလေ့ကျင့်ယူရတာတွေပါ။ လေ့ကျင့်အား အထုံကောင်းလာလေ စိတ် ထားတတ်လာလေပါပဲ။

         ပွားမေတ္တာသက်သက်နဲ့တော့…… လူအပေါင်း၊နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမူကိုရမှာ မဟုတ်ပါဘူး။ ပွားမေတ္တာရော ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမူကို ရမယ်လို့ဆိုလိုတာပါ။ ဒါပေမယ့်ကိုယ်က လူထဲကလူဆိုတော့ နှစ်မျိုးစလုံး ပြည့်စုံအောင်မလုပ်နိုင်သေးရင် ပွားမေတ္တာကို အထုံရအောင်အရင် ပွားများပါ။ အထုံရလာပြီးဆိုရင် ထားမေတ္တာပါ ထားနိုင်လာ၊ ထားတတ်လာပါပြီ။ ကိုယ်ကအချစ်ကံ များများကောင်းချင်ရင် ပွားမေတ္တာရော၊ ထားမေတ္တာပါ ထားနိုင်ရပါမယ်။ ရတော့ရချင်တယ်။ လိုတော့လိုချင်တယ်။ ဖြစ်တော့ဖြစ်ချင်တယ်။ မထားနိုင်ဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။
သီးခြားထိုင်ရင်းနဲ့ဖြစ်ဖြစ် သွားရင်းနဲ့လာရင်းနဲ့ဖြစ်ဖြစ်၊ လုပ်ရင်းကိုင်ရင်းနဲ့ဖြစ်ဖြစ် သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေလို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန္ဒာကိုယ်နဲ့ ထိတွေ့လာတိုင်းလည်း အေးမြတဲ့ရေကို သတ်သေထားအာရုံပြုပြီး သတ္တဝါတွေအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းပါစေလို့ အထပ်ထပ်မေတ္တာပို့သပါ။ ကိုယ့်မျက်စိရှေ့က မြင်တွေ့လာသမျှ၊ ကိုယ်အလုပ်နဲ့ ပတ်သက်ဆက်စပ် လာသမျှ လူတိုင်းလူတိုင်းကို ချက်ချင်းချက်ချင်း မေတ္တာပို့သပါ။ အခြေအနေအမျိုးမျိုးမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ်အခါခါ မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် ပွားမေတ္တာနဲ့ ပြည့်စုံပါပြီ။

      မြတ်စွာဘုရားရဲ့ မေတ္တာဓါတ်တွေ ကိန်းဝပ်နေတဲ့ မေတ္တသုတ် တရားတော်ကို နေ့စဉ်ဝတ်ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူဇော်သွားမယ်ဆိုရင်လည်း ဒေါသဓါတ်ကင်းပြီး မေတ္တာဓါတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းကချစ်ခင် မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။
“နတ်များချစ်ဆေး၊ ဘေးရန်ဝေးသော၊ ယဉ်ကျေးမန္တန်၊ ဂါထာပျံကို ရွတ်အံသရဇ္ဈာယ်ကြကုန်လော့”…တဲ့။ မေတ္တာသုတ်ကိုရွတ်ရင် မမြင်ရတဲ့နတ်တွေတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေက ပိုလို့တောင်ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပါယ်သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖို့တော့ အရေးကြီးတာပေါ့။

        မေတ္တာသုတ်ရွတ်ရုံ၊ မေတ္တာပွားရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး၊ အများကောင်းကျိုးကို ကိုယ်နဲ့၊နှုတ်နဲ့ လက်တွေ့ ဆောင်ရွတ်ပေးပါ။ ကောင်းကွက်ကိုရှာ… မေတ္တာ ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲပြော၊ အကောင်းမြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင် ထားမေတ္တာနဲ့ ပြည့်စုံပါပြီ။

တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူရှိလာမှာပါ။ တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တားနိုင်တာမှတ်လို့……..။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲ အရင်ပေးလိုက်ပါ။ ကိုယ်ဘက်ကပဲ အရင်ပေးကြည့်လိုက်ပါ။ ။။
(အရှင်ဆန္ဒာဓိက၏ “အကောင်းကံချစ်မှအချစ်ကံကောင်းမယ်” စာအုပ်မှဖြစ်ပါသည်) နှလုံးသားအာဟာရ
(အပိုင်း ၂ ဖြစ်တဲ့ ‘အချစ်ကံကောင်းစေတဲ့ ကုသိုလ်’ ကို ဆက်လက်ဖက်ရှု့ရန်)

1 comment:

  1. I am very grateful for this enlightening article. I am new to this issue, but for me it elucidated several questions. Congratulations on your knowledge on the subject. Thank you very much.FonePaw iPhone Data Recovery 3.8.0

    ReplyDelete